ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး၍ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားတက်ရောက်ချီးမြှင့်

တောင်ကြီး စက်တင်ဘာ ၁၄

(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်ကျော်ဟန်ဦးဆောင်၍ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ တောင်ကြီးခရိုင် ရဲတပ်ဖွဲ့၊ အမှတ်(၁၄)သတင်းရဲတပ်ဖွဲ့ခွဲ၊ အမှတ်(၂)မူးယစ်တပ်ဖွဲ့ခွဲ၊ အမှတ်(၁၅)မှုခင်းတပ်ဖွဲ့စု၊ အမှတ်(၁၅) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုနှင့် အမှတ်(၁၈)ယမန်နေ့နံနက်(၇)နာရီခွဲက တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စဝ်စံထွန်းဆေးရုံအတွင်း လှည့်လည်ကြည့်ရှုပြီး ဆက်သွယ်ရေးကြိုးနှင့်တိုင်များ ရှုပ်ထွေးမှုမရှိစေရေး စနစ်တကျရှင်းလင်းထားရှိဆောင်ရွက် ပေးရန်လိုအပ်ကြောင်း၊ ဆေးရုံဝင်းအနောက်ဘက်ခြမ်းရှိ ချုံနွယ်မြက်များထူထပ်နေမှုကို စက်ယန္တရား များဖြင့် ရှင်းလင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ဆေးရုံမြောက်ဘက်ခြမ်းရှေ့ရှိ သူနာပြုသားဖွား သင်တန်းကျောင်းဆိုင်းဘုတ်အား နေရာပြောင်းရွေ့တပ်ဆင်ပေးရန်နှင့် စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီး ခုတင်(၅၀၀)ဆိုင်းဘုတ်အား ပြန်လည်ဆေးသုတ်ပြုပြင်ပေးနိုင်ရန် တာဝန်ရှိသူအား မှာကြားခဲ့သည်။

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊ ဂနိုင်ကန်သာယာ(၃)အား သွားရောက်ကြည့်ရှုရာ ဂနိုင်ကန်သာယာ(၃)တွင် ပန်းအလှပင်များ စိုက်ပျိုးမည့်နေရာနှင့် ကွန်ကရစ် လမ်းခင်းဆောင်ရွက်မည့်နေရာများကိုလည်းကောင်း၊ ကန်အဝင်ရှေ့အနောက် မြို့ပတ်လမ်း ရေကြီးရေလျှံမဖြစ်စေရေးအတွက် ရေနုတ်မြောင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကန်အတွင်း အလှပန်းပင်များ၊ သစ်ပင်များဖြင့် ဝေဝေဆာဆာဖြစ်အောင် စိုက်ပျိုးပေးရန် လိုအပ်ပါကြောင်း၊ ကွန်ကရစ်လမ်းများကို ရေရှည်အသုံးပြုနိုင်ရန် ကောင်းမွန်ခိုင်ခံ့အောင် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ကွန်ကရစ်လမ်းပေါ်ရေများ မဝပ်စေရန်အတွက် ရေနုတ်မြောင်းအတွင်း ရေထုတ်ပေးနိုင်ရန်၊ ကွန်ကရစ်လမ်းများ ပြေပြစ်စွာဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ဂနိုင်ကန်သာယာနှင့် တောင်ကျောင်းကြီးသွားသည့် ကွန်ကရစ်လမ်းပေါ်တွင် ကျောက်ခဲ၊ သဲများ မရှိစေရေး နေ့စဥ်သန့်ရှင်းရေး ဆောင်ရွက်ပေးရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေး ပြည့်မီစွာဆောင်ရွက်သွားရန် တာဝန်ရှိသူများအား ဖြည့်စွက်မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် တောင်ကြီးမြို့ မြို့တော်ခန်းမကျင်းပသည့်  ၂၀၂၅ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန်ဟူသည့်ရည်ရွယ်ချက်ကို ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါဘေး ကာကွယ်တားဆီးရန်နှင့် ဘေးဒုက္ခကျရောက်သူများကိုကူညီရန်စသည့် လုပ်ငန်းစဥ်(၃)ရပ် ချမှတ်ကာ အကောင်အထည် ​ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှေးဦးပြုစုခြင်းသည် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ပင်မကျောရိုးလုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ ရှေးဦးပြုစုခြင်းပညာရပ်သည် ပုံမှန်အခြေအနေတွင်သာမက ရုတ်တရက်ဖြစ်ပေါ်လာသော အခြေအနေအရပ်ရပ်တွင် အသက်ဘေးအန္တရာယ်မှ ကင်းဝေးစေရန် အထောက် အကူပြု ကာကွယ်ပေးနိုင်ပါကြောင်း၊ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိပတ်ဝန်းကျင်တွင်သော်လည်းကောင်း အချိန်မရွေး ဘေးအန္တရာယ်ကြုံတွေ့နိုင်သဖြင့် ရှေးဦးပြုစုခြင်းပညာကိုကျွမ်းကျင် ပိုင်နိုင်စွာ တတ်မြောက် ထားပါက အသက်အန္တရာယ်များမှ ကင်းဝေးအောင် ကူညီဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ၂၀၂၅ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်မှပေးပို့သော သဝဏ်လွှာကို ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးညီညီက ဖတ်ကြားပြီး ဂုဏ်ပြုဆုများချီးမြှင့်ပေးရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဘက်စုံစွမ်းဆောင်ရည်ဆု၊ အရေးပေါ်လူနာတင်ယာဥ် လုပ်ငန်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစွမ်းဆောင်ရည်ဆု၊ သွေးလှူရှင်စုဆောင်းခြင်းနှင့် သွေးလှူဒါန်းခြင်းလုပ်ငန်းစွမ်းဆောင်ရည် ဆုရရှိသူများအား ဆုများကိုလည်းကောင်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်က သဘာဝဘေးအန္တရာယ်တုံ့ပြန့်မှု စွမ်းဆောင်ရည်ဆု ရရှိသူများကိုလည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ၂၀၂၅ ခုနှစ် စံပြကြက်ခြေနီဂုဏ်ပြုဆုရရှိသူများ၊ ရှေးဦးပြုစုခြင်းပညာပြန့်ပွားရေးစွမ်းဆောင်ရည်ဆုရရှိသူများ၊ လူမှုဂရုဏာလုပ်ငန်းများအတွက် လှူဒါန်းသည့် အလှူရှင်နှင့် ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးလုပ်ငန်းတွင် ပါဝင် ကူညီခဲ့ကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအားလည်းကောင်း ဆုများနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ကြက်ခြေနီလူမှုဂရုဏာ လုပ်ငန်း ဆောင်ရွက်ချက်များ၊ မှတ်တမ်းဓါတ်ပုံများ Video Clip ကိုပြသပြီး ပြခန်းခင်းကျင်းပြသသည့် စီမံကိန်း၊ စီမံချက်(၃)ခုအား ပြည်နယ်ဝန်ကြီးများက ဂုဏ်ပြုဆုပေးအပ်၍ ၂၀၂၅ ခုနှစ် ရှမ်းပြည်နယ် (တောင်ပိုင်း)အတွင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း၊ စီမံချက်တို့၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ မှတ်တမ်းဓါတ်ပုံ Video Clip ကို ပြသရာ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုအားပေး ခဲ့ကြကြောင်းသိရသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားတက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ခန်းမအတွင်းခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြ​ကြောင်းသိရှိရသည်။

မောင်မောင်သန်း