ညောင်ဦး စက်တင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ ကြဲပက်စိုက်ပျိုးထားသည့် ပဲစင်းငုံစိုက်ခင်းများ မိုးရွာသွန်းမှုကောင်းခြင်းနှင်အတူ အောင်မြင်ဖြစ်ထွန်းကာ ပဲစင်းငုံ ခုတ်သိမ်းချိန် အထွက်နှုန်းကောင်းရန် သေချာသလောက်ရှိနေကြောင်း ရှင်မိန်ကျေးရွာ ပဲစင်းငုံ စိုက်ပျိုးကျေးလက်တောင်သူများကပြောကြားခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် ပဲစင်းငုံ စိုက်တောင်သူများသည် ပဲစင်ငုံ စိုက်ပျိုးခြင်းအား ကဆုန်လ၊ နယုန်လတို့တွင် မိုးဦးမိုးရွာသွန်းချိန် နှမ်းများ ကြဲပက်စိုက်ပျိုးချိန်နှင့်အတူ ပဲစင်ငုံအားရောကာ ကြဲပက်စိုက်ပျိုးထားခဲ့ကြောင်း သိရသည်။ နှမ်းများ နုတ်သိမ်းချိန် ဖြစ်သည့် ဝါဆိုလပြည့်ကျော်၊ ဝါခေါင်လဆန်း နှမ်းနုတ်သိမ်းပြီးချိန် မိုးရွာသွန်းပါက နှမ်းနှင့်အတူ ကြဲပက်စိုက်ပျိုးခဲ့သည့် ပဲစင်းငုံများ မြေဆွပေးသကဲ့သို့ဖြစ်ကာ ပဲစင်းငုံအပင်များ ကောင်းလာပြီး အပင်တက်အား ကောင်းလာကြောင်း ပဲစင်းငုံစိုက်တောင်သူများက ရှင်းပြသည်။ ပဲစင်းငုံအပင်သက်တမ်းသည် ငါးလ၊ ခြောက်လကျော်ကြာမြင့်ပြီး အဖူး၊ အပွင့်ပွင့်ချိန်သည် သီတင်းကျွတ်၊ တန်ဆောင်မုန်း လတို့တွင် ပွင့်ကြောင်း အပွင့်ပွင့်ချိန် မိုးသည်းရိုက် မိုးရွာသွန်းမှုများပါက အသီးသီးနှုန်း လျော့နည်းသွားနိုင်ကြောင်း အပွင့်ပွင့်ချိန် မိုးမရွာပါက ပဲစင်ငုံရဖို့ သေချာကြောင်း သိရသည်။ ပဲစင်းငုံခုတ်သိမ်းချိန်သည် ပြာသိုလ၊ တပိုတွဲလတို့တွင် ခုတ်သိမ်းလေ့ရှိပြီး ခုတ်ထားသည့် ပဲစင်ငုံကိုင်းများ လက်တစ်နိုင်စာကိုင်ပြီး ပဲစင်ငုံခါစင် (ပီပါ၊ အမာခုံ) ခံကာ ရိုက်ချပြီး အစေ့ သပ်သပ်၊ ပဲရိုင်း၊ ပဲမှော်သပ်သပ် ခွဲခြားကာ ပဲစင်းငုံသိမ်းခြင်းပြီးကြောင်း သိရသည်။
ယခုနှစ်တွင် ညောင်ဦးမြို့နယ် တစ်မြို့နယ်လုံး ပဲစင်းငုံ (၁၃၁၈၉) ဧက စိုက်ပျိုးထားရှိကြောင်း၊ ပဲစင်ငုံစိုက်ခင်းများ ရှင်သန်ဖြစ်ထွန်းမှု ကောင်းမွန်နေကာ ပဲစင်းငုံပေါ်ချိန် ဈေးကောင်းရရန် ကျေးလက်တောင်သူများ မျှော်လင့်နေကြကာ မနှစ်ကပဲစင်းငုံ ပေါ်ခါစ တစ်တင်းလျှင် ၁၅၀၀၀၀ ကျပ် ရောင်းချခဲ့ရကြောင်း သိရသည်။
ဒီပါလင်း