ဒဂုံတောင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်း သရုပ်ပြရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်

ဒဂုံတောင် စက်တင်ဘာ

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်း အသိပညာပေးရှင်းလင်းခြင်းနှင့် မဲပေးစက်လက်တွေ့သရုပ်ပြမဲပေးခြင်းကို တာဝန်ရှိသူများကစက်တင်ဘာလ ၁၂ ရက်နေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ နှစ်ပိုင်းခွဲကာ (၆၆)ရပ်ကွက် ဓမ္မာရုံနှင့် (၇၀)ရပ်ကွက် ဓမ္မာရုံတို့တွင် ဆောင်ရွက်ကြကြောင်း သိရသည်။

ရှေးဦးစွာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင် ဦးထွန်းလင်းနိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး (အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)က မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်အသုံးပြု၍ မဲပေးပုံ အဆင့်ဆင့်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ရည်ရွယ်၍ အသိပညာပေး ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ပြောင်းလဲကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်၊ မဲပေးသည့်ပုံစံနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ မဲပေးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်း၊မဲပေးစက်မှထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန်၊ မမှန်စိစစ်ခြင်း စသည့် မဲပေးပုံအဆင့်အဆင့်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် လက်တွေ့သရုပ်ပြ ဆောင်ရွက်ကြသည်။

အဆိုပါ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများပူးပေါင်းကာ နေ့စဉ်တနင်္လာနေ့မှ သောကြာနေ့အထိ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းသန်းအေး