နေပြည်တော် စက်တင်ဘာ ၁၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာသို့ ရောက်ရှိပြီး ၂၀၂၅ ခုနှစ် မိုးရာသီ တစ်အိမ်ထောင် သစ်မာပင် ၂၀ ပင် သစ်ပင် စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ နေပြည်တော်သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးက တစ်အိမ်ထောင် သစ်မာပင် ၂၀ ပင် သစ်ပင်စိုက်ပျိုးရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးက သစ်ပင်စိုက်ပျိုးခြင်းကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးလက်နေ ပြည်သူများက လိုအပ်သည်များကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း သစ်ပင်သစ်တောများဖြင့် စိမ်းလန်းစိုပြည်ပြီး သဘာဝ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ရန်နှင့် စိုက်ပျိုးသည့် သစ်ပင်ပန်းပင်များ စဉ်ဆက်မပြတ် ရေရှည်တည်တံ့ခိုင်မြဲစွာရှင်သန်စေရေး ဝိုင်းဝန်းစောင့်ရှောက်ကြရန်၊ တောင်သူများအနေဖြင့် သဘာဝမြေဩဇာကို ကိုယ်တိုင်ပြုလုပ် သုံးစွဲနိုင်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း စိုက်နည်းစနစ်မှန်ကန်စေရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့်တစ်နှစ်သုံးသီး ရာသီပြည့် စိုက်ပျိုးနိုင်ရေး၊ ကြဲပတ်စနစ်ပပျောက်အောင် မျိုးစေ့ချ ကိရိယာကောက်စိုက်စက်များဖြင့် စိုက်ပျိုးနိုင်ရေးနှင့် မျိုးကောင်းမျိူသန့်စပါးများ ရွေးချယ် စိုက်ပျိုးနိုင်ရေးတို့ကို မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များက သစ်မာပျိုးပင်များအား ပေးအပ်ရာ ဒေသခံတောင်သူများက လက်ခံရယူခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ၂၀၂၅ ခုနှစ် မိုးရာသီ တစ်အိမ်ထောင် သစ်မာပင် ၂၀ ပင် သစ်ပင်စိုက်ပျိုးပွဲအထိမ်းအမှတ်အဖြစ် ခရေပင်ကို စိုက်ပျိုးပေးပြီး နေပြည်တော်ကောင်စီဝင်များနှင့် ဒေသခံပြည်သူများက ကျွန်း၊ ဆီသပြေ၊ ပိတောက်၊ ခရေ စသည့်အပင်များ စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ်၊ ရွှေမြို့ ဆိုလာစက်ရုံသို့ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်လုပ်ငန်းများ ပိုမိုတိုးချဲ့နိုင်အောင် အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းများ အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်ရန်၊ နေပြည်တော် လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ရေးနှင့် လုပ်ငန်းစံနမူနာပြဖြစ်အောင် ဆောင်ရွက်ရန် ပြောကြားပြီး တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကိုလမ်းညွှန်မှာကြား၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ စက်ရုံလည်ပတ်ဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုမှတဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ်၊ မကျီးပင်- ကျောက်စရစ်ကုန်း ကျေးရွာချင်းဆက်လမ်း မိုင်တိုင်အမှတ် ၁/၅ နှင့် ၁/၆ အတွင်း ညောင်ကိုင်း ချောင်းရေတိုက်စားမှုကြောင့် ကမ်းထိန်းလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ် ကျားသေးအိုင် ကျေးရွာသို့သွားရောက်ပြီး တောင်သူ ဒေါ်ဝိုင်းကြည်၏ မန်ဂျန်ရှားစိုက်ခင်းအတွင်း၌ မြေနိမ့် ကော်ဖီပင် (ရိုဘတ်စတာ) အပင်(၂၀၀) စိုက်ပျိုးထားရှိမှု အခြေအနေနှင့် မြေပဲရိုး၊နှမ်းရိုးတို့ဖြင့် သဘာဝမြေဩဇာ ပြုလုပ်ထားရှိ မှုအား ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ရာဇသင်္ဂဟလမ်းမကြီးတစ်လျှောက် ကတ္တရာလမ်းခင်းကျင်းနေမှုနှင့် သီရိမဏ္ဍိုင်လမ်းတစ်လျှောက် လမ်းဘေးပလက် ဖောင်းများ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ လူအင်အား စက်ယန္တရားအင်အား တိုးမြှင့်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
ဆက်လက်၍ ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပတ္တာပျိုး ခြံအမှတ်(၂)အတွင်း နှစ်တို၊ နှစ်ရှည်အရိပ်ရအပင်များ၊ ပန်းအလှပင်များ ပြုစု၊ ပျိုးထောင်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ဇေယျာဌာနီလမ်းတစ်လျှောက် လမ်းပိုင်းပြုပြင်နေမှုကို လည်းကောင်း၊ နေပြည်တော်ရေပန်းဥယျာဉ်နှင့် ထိုက်သူပန် မြေယာရှုခင်းအတွင်း အရိပ်ရ သစ်ပင်များ၊ ပန်းအလှပင်များ ပြုစုပျိုးထောင်ထားရှိမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)