ဒဂုံ စက်တင်ဘာ ၁၃ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယနေ့နံနက် (၉)နာရီမှ ညနေ (၃)နာရီအထိ အမှတ်(၁၃၄)၊ (၁၃၆)၊ (၁၃၃)ရပ်ကွက်များရှိ သတ်မှတ်စုရပ်နေရာများ၌ ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါသတ်မှတ်စုရပ်နေရာများဖြစ်သော ဒဂုံအောင်မြေဘုန်းကြီးကျောင်း၊ သာသနာ့ရိက္ခတဓမ္မာရုံ၊ အ.ထ.က(၅)တို့၌ ရပ်ကွက်နေမဲဆန္ဒရှင် ပြည်သူများအား ရွေးကောက်ပွဲနှင့်ပတ်သက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ကြီးကြပ်သူအရာရှိများနှင့် တာဝန်ရှိသူများက အသိပညာပေး ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ (၁၃၃)၊ (၁၃၄)၊ (၁၃၆)ရပ်ကွက်များမှ ပြည်သူ (၁၈၀၀)ဦးတို့က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ခြင်းကို ရပ်ကွက်နေ မဲဆန္ဒရှင်ပြည်သူများနှင့်အတူ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အနီးကပ်ကြီးကြပ် ပူးပေါင်းပါဝင်ဆောင်ရွက်ကြကြောင်း သိရသည်။ အေးမဉ္ဇူ ရန်ကုန်တိုင်းဒေသကြီး အမြို့မြို့အနယ်နယ်သတင်းများ