တာချီလိတ် စက်တင်ဘာ ၁၃
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ (၁၃)ရက်နေ့တွက် ကျရောက်သည့် (၁၃)ကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Bill Board စိုက်ထူဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်လေဆိပ်၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေမျိုး၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူး ရဲမှူးစိုးမင်းနှင့် ခရိုင်ဥပဒေအရာရှိ ဦးဇော်လွင်တို့က အသိပညာပေး Bill Board အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့သည်။
အဆိုပါ အသိပညာပေး Bill Board တွင် (၁၃)ကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “လူကုန်ကူးမှုတိုက်ဖျက်ဖို့ ခေါင်းပုံဖြတ်မှု အဆုံးသတ်စို့” ဆောင်ပုဒ်နှင့် လူကုန်ကူးမှုကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆက်သွယ်အကြောင်းကြားနိုင်သော ဖုန်းနံပါတ်များပါရှိကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)