မြောက်ဥက္ကလာပ စက်တင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး လေ့လာခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြောက်ဥက္ကလာပမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တာဝန်ကျဌာနဆိုင်ရာများပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက (ပုရွက်ဆိတ်ကုန်း)ရပ်ကွက်၊ ရွာဦးလမ်းဓမ္မာရုံ၊ ရွာဦးလမ်း၌ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိက မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း သိကောင်းစရာများ၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် စမ်းသပ်မဲပေးမှု အဆင့်ဆင့်ကို ရှင်းလင်းပြသခဲ့ပေးကြပြီး တက်ရောက်လာကြသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးမှ တာ၀န်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲမှဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း (၇၁၁)ဦးခန့်မှ စိတ်ပါဝင်စားစွာ လက်တွေ့စမ်းသပ်မဲ ပေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)