မြောက်ဥက္ကလာပမြို့နယ်၌ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မြောက်ဥက္ကလာပ စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက်၇၀နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် သွေးတိုးနှင့် ဆီးချိုရောဂါရှိသူများအား  ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းက (ဌ)ရပ်ကွက်၊ သောကြာဆွမ်းပတ် ဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုများပေးရာတွင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်း ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေး၀န်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် ရောက်ရှိလာကြသော သက်ကြီးဘိုးဘွားများအား ကျန်းမာရေး ဗဟုသုတများအား   အသိပညာပေး ဟောပြောပေးခြင်း၊   တီဘီရောဂါနှင့်ပတ်သတ်၍   အသိပညာပေးခြင်း၊ ကျန်းမာရေး၀န်ထမ်းများက  သက်ကြီးဘိုးဘွားများအား အသက်ကြီးပုဂ္ဂိုလ်စောင့်ရှောက်ရေးလုပ်ငန်းများ စမ်းသပ်စစ်ဆေးခြင်း၊ ဆီးချို၊ သွေးချို၊ သွေးတိုးရောဂါ စစ်ဆေးခြင်း၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး စီမံချက်ရွေ့လျားဓါတ်မှန်ရိုက်ကူးရေးအဖွဲ့မှ တာ၀န်ရှိသူများက ရင်ဘတ်ဓါတ်မှန်ရိုက်ကူးဆောင်ရွက်ပေးခြင်း၊ စုဝေး၍ ကျန်းမာရေးအသိပညာပေးခြင်း၊ ဆယ်မိနစ်စာ ခုံထိုင်လေ့ကျင့်ခန်းပြုလုပ်ပေးခြင်း၊ သက်ကြီးကျန်းမာရေး စကားဝိုင်းများအသိပညာဖလှယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုကူညီရေးအသင်းများနှင့် တာ၀န်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)