ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကို စက်တင် ဘာ ၁၂ ရက်နေ့ နံနက် ၁၀ နာရီက ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဦးထွန်းအိုရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အ.လ.က (၁)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်ဦးက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အဆိုပါကျောင်းမှ ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်သော လူရည်ချွန်များ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူအများရှေ့တွင် လိမ္မာကျွမ်းကျင်စွာ စကားပြောတတ်စေရန် ရည်ရွယ်ပြီး လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်ဦးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အဆိုပါကျောင်း Grade–10 မှ မစုမြတ်အောင်က လူငယ်နှင့်စာပေခေါင်းစဥ်ဖြင့်လည်းကောင်း မအိသဇင်အောင်က လူငယ်နှင့်ယဥ်ကျေးမှုခေါင်းစဥ်ဖြင့်လည်းကောင်း၊ မအိမွန်မွန်ဆွေက လူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့်လည်းကောင်း၊ မောင်ဟိန်းဝေယံက လူငယ်နှင့် အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း၊ မယုနန္ဒာကလူငယ်နှင့် ကျန်းမာရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ မခင်စန္ဒာအေးက လူငယ်နှင့် နည်းပညာခေါင်းစဥ်ဖြင့်လည်းကောင်း မိမိတို့ နှစ်သက်ရာခေါင်းစဥ်အလိုက် ဆွေးနွေးပြော ကြားခဲ့ကြပြီး၊ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများထဲမှ သိရှိလိုသည်များ ကိုမေးမြန်းကြရာ ခေါင်းစဥ်အလိုက် ဦးဆောင်ဆွေးနွေးကြသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူ များက ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲတို့ကို ယှဥ်ပြိုင်ကြရာ အကောင်းဆုံးယှဥ်ပြိုင် ပြောဆို နိုင်သည့်ကျောင်းသား၊ ကျောင်းသူ ၆ ဦးအား ကျောင်းအုပ်ဆရာကြီးနှင့် ဆရာဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ကျောင်းခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး စသည့် အသိပညာပေး နံရံကပ်စာစောင်များ နှင့် စာအုပ်ပြပွဲကိုအခမ်းအနား တက်ရောက်လာသည့် ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)