ကျိုင်းတုံ စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် C.T.M.E အခမ်းအနားကို စက်တင် ဘာ ၁၂ ရက် က (၂၅) ခုတင် ဆံ့တိုင်းရင်းဆေးရုံ (ကျိုင်းတုံ)၌ ကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲခွဲ(ရှမ်းအရှေ့) အဖွဲ့ဝင် ဦးမင်းညို၊ ကျိုင်းတုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်-၂ ဦးမင်းညိုက အမှာစကားပြောကြားပြီး မိုင်းယောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သီတာအောင်က အနာ့ပဆုပ်ရောဂါအကြောင်း စာတမ်းဖတ်ကြားပြီး တက်ရောက်လာကြသည့် ကျိုင်းတုံခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှူး ဦးမင်းဟန်၊ ကျိုင်းတုံမြို့နယ်တိုင်းရင်း ဆေးမှူး၊ ကျိုင်းတုံတိုင်းရင်းဆေးရုံအုပ်၊ ဒုတိယဆေးရုံအုပ်၊ ကျိုင်းတုံ/တာချီလိတ် ခရိုင်တိုင်းရင်းဆေးအသင်းနှင့် ဖိတ်ကြားထားသူများက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တာချီလိတ်မြို့ လင်းသုခတိုင်းရင်းဆေးကုခန်းနှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးဆေးတိုက်မှ စာတမ်းရှင်အား ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)