မှော်ဘီမြို့နယ်‌တွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆက်လက်ဆောင်ရွက်

မှော်ဘီ စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့နံနက် (၉)နာရီက အဖွဲ့(၃)ဖွဲ့ခွဲ၍ အဖွဲ့(၁) ရေပေါ်သဲ့အုပ်စု၊ လိပ်ချောင်းဘုန်းတော်ကြီးကျောင်းတိုက်၊ အဖွဲ့(၂) ရိုးကြီးအုပ်စု ရွာဦးဘုန်းတော်ကြီးကျောင်းတိုက်၌လည်းကောင်း အဖွဲ့(၃)မှ လိပ္ပုတ်ကျေးရွာအုပ်စု ပြည်လုံးချမ်းသာကိုးနဝင်းဓမ္မာရုံတို့၌လည်းကောင်း တပြိုင်နက်တည်း ဆောင်ရွက်ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မှော်ဘီမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလှဦး၊ အဖွဲ့ဝင်  ဦးကျော်ဇောဦးနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ နည်းပြဆရာမများက  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ အများပြည်သူများ သိသင့်သိထိုက်သည့် အချက်များ၊ မဲပေးပိုင်ခွင့်ရှိသူများ၊ မဲပေစက် (MEVM) ၏ လုပ်ဆောင်ချက်များနှင့် ကိုင်တွယ်အသုံးပြုခြင်းနည်းလမ်းများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို အသုံးပြုခြင်းဖြင့် မဲပေးရာတွင် မြန်ဆန်၍ အချိန်တိုအတွင်း မဲရလဒ်များ ရေတွက်နိုင်ခြင်း၊ တိကျသောမဲရလဒ်များရရှိနိုင်ခြင်း၊ ရွေးကောက်ပွဲရလဒ်များကို လျင်မြန်စွာကြေညာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ခြင်းနှင့် အသုံးပြုပုံအဆင့်ဆင့်တို့ကို ပြောကြား၍ ဒု/လဝကမှူး ဦးသန်းထွန်းအောင်နှင့် ဦးဆွေလှိုင်ဝင်းတို့က ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်သူများအခက် အခဲမရှိစေရန် ရည်ရွယ်ကာ (MEVM) မဲပေးစက်ဖြင့် အသုံးပြုပုံအဆင့်ဆင့်အား အသိပညာ ပေးဆွေးနွေးကြပြီး  မြန်မာအီလက်ထရောနစ်မဲပေးစက်ကို မဲဆန္ဒရှင်ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခြင်းအား ပြသခဲ့သည်။

ဆက်လက်၍ စမ်းသပ်မဲပေးခြင်းအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလှဦးနှင့် အဖွဲ့ဝင်များ၊ လဝကအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ရပ်ကွက်နေပြည်သူများအား လက်တွေ့ (MEVM) စက်ဖြင့် စမ်းသပ်မဲပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ရပ်ကွက်နေမဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် စမ်းသပ်မဲပေးခဲ့ကြကြောင်း သိရသည်။

ဝင်းဇော်(ပြန်/ဆက်)