လွိုင်လင် စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ ခရိုင်အားကစားကွင်း၌ 14 ASEAN SCHOOL GAMES လူရွေးချယ်ပွဲနှင့် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲဖွင့်ပွဲကို စက်တင်ဘာ ၁၃ ရက်နေ့ နံနက် (၉) နာရီက ခရိုင်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ စစ်ကြောင်းမှူးဦးဆောင်၍ ဘင်ခရာတပ်ဖွဲ့များ၊ ပြိုင်ပွဲဝင်အားကစားအသင်းများ ကွင်းအတွင်းဝင်ရောက် နေရာယူပြီးနောက် နိုင်ငံတော်အလံအလေးပြုခြင်း၊ အကြီးအကဲများအား ဂါရဝပြုခြင်းများဆောင်ရွက်ကြသည်။ ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်က ဖွင့်ပွဲအမှာစကားပြောကြားပြီးနောက် ခရိုင်ပညာရေးမှူး ဒေါက်တာမြင့်မြင့်အေးက ကျောင်းသားအားကစားပြိုင်ပွဲများကျင်းပပေးရခြင်းကို ရှင်းလင်းပြောကြားသည်။ ယင်းနောက်ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။ ဆက်လက်၍ ပင်လုံမြို့ အ-ထ-က(၃)ဘင်ခရာနှင့် ပန်းပွားအဖွဲ့၊ လွိုင်လင်မြို့ အ-ထ-က(၁)နှင့် အ-ထ-က(၃ ) ဘင်ခရာနှင့်ပန်းပွားအဖွဲ့များက တေးသရုပ်ဖော်ဖြင့် လည်းကောင်း၊ ကျောင်းသူလေးများက Fitness Dances အကများဖြင့်လည်းကောင်း ကပြပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ဆက်လက်၍ အမျိုးသား ဘောလုံးပြိုင်ပွဲ ပထမပွဲစဉ်အဖြစ် လဲချားမြို့နယ်နှင့် နမ့်စန်မြို့နယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။
ယနေ့ကျင်းပပြုလုပ်သည့် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ၌ လွိုင်လင်၊ နမ့်စန်၊ လဲချား၊ မိုင်းကိုင်၊ ကွန်ဟိန်းမြို့နယ်(၅) မြို့နယ်မှ ပြိုင်ပွဲဝင်ဘောလုံး(ကျား/မ)၊ ပြေးခုန်ပစ်( ကျား/မ)၊ ဘတ်စကတ်ဘော(ကျား/မ)၊ ကြက်တောင် (ကျား/မ)၊ ပိုက်ကျော်ခြင်း(ကျား/မ)၊ စားပွဲတင်တင်းနစ် (ကျား/မ)နှင့် ဘော်လီဘော (ကျား/မ) စသည့် ပြိုင်ပွဲ အမျိုးအစား (၇) မျိုးတွင် ကျောင်းသား၊ ကျောင်းသူ (၃၅၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
လွိုင်လင်မိုး