မင်္ဂလာဒုံ စက်တင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် တိုင်းကျန်းမာရေးဦးစီးမှူး၏ လမ်းညွှန်ချက်အရ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ ကုန်းတလပေါင်း RHC ပင်မအပိုင် ရွှေစေတီလမ်းရှိ သွေးလွန်တုပ်ကွေးဖြစ်ပွားသော သုခစာရီ သီလရှင်ကျောင်းသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့သည် ပိုးလောက်လမ်းကာကွယ်နှိမ်နင်းရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းဝင်းမာ၏ စီစဉ်ညွှန်ကြားမှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နေခြည်လင်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်များ။ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ စည်ပင်သာယာဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့သည် ကုန်းတလပေါင်းရပ်ကွက် ရွှေစေတီလမ်းတို့တွင် သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များသော သုခစာရီသီလရှင်ကျောင်းနှင့် ပတ်ဝန်းကျင်အား ပိုးလောက်လမ်းပေါက်ပွားမှုမှ ကာကွယ်နိုင်ရေး ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများ၊ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ပြီး ပညာသိင်္ဂီသီလရှင်စာသင်ကျောင်းအား အုတ်ကန်များတွင် အဘိတ် (Abate) ဆေးခတ်ခြင်း၊ ဆေးမှုတ်ခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းသိန်းထွန်း