မင်္ဂလာတောင်ညွန့် စက်တင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး(တောင်) ရပ်ကွက်တွင် မဲဆန္ဒရှင် ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယနေ့နံနက် ၁၀ နာရီအချိန်က ကန်တော်ကလေး( တောင်) ရပ်ကွက်၊ ထီးတန်းဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရဲဝင်းထွန်းကအဖွင့်အမှာစကား ပြောကြားခဲ့ရာတွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းများကိုရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက် နည်းပြများက မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြရာ မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာ လက်တွေ့စမ်းသပ်မဲပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေး အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရဲဝင်းထွန်းနှင့် အဖွဲ့ဝင်များ၊ နည်းပြများ၊ ကန်တော်ကလေး( တောင်)ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး၊ ကန်တော်ကလေး(တောင်)ရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူ(၃၉၈) ဦးက လက်တွေ့စမ်းသပ်မဲ ပေးခဲ့ကြကြောင်း သိရသည်။
မြတ်မြတ်အေး(ပြန်/ဆက်)