မိုးနဲမြို့နယ်၌ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှုအန္တရာယ်အကြောင်း အသိပညာပေး ဆွေးနွေးပွဲကျင်းပ

မိုးနဲ စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၌ စက်တင်ဘာ ၁၂ ရက်နေ့ ညနေ ၂ နာရီက မြို့နယ်အဆင့် ကြီးကြပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ ကြီးကြပ်မှုဖြင့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှုအန္တရာယ်အကြောင်း ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ကြီးကြပ်ရေးကော်မတီ (အတွင်းရေးမှူး) ဒေါက်တာဇင်မီဟန်က ဆေးလိပ်နှင့်ဆေးရွက် ကြီးထွက်ပစ္စည်း၏ ကျန်းမာရေးအန္တရာယ်များ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း စတင်ဖြတ်ချိန်၌ လက်ငင်းရလဒ်များ၊ ကြာရှည်ရလဒ်များ၊ ဘာကြောင့် ဆေးလိပ်ငွေ့ကင်းစင် ဒေသများထူထောင်ရသလဲ၊ ထိန်းချုပ်ရေးဥပဒေနှင့် ပြဌာန်းချက်များ၊ ဆေးလိပ်သောက်သုံးခွင့် ရှိသောနေရာများနှင့် သောက်သုံးခွင့်မရှိသောနေရာများ၊ မိုးနဲမြို့နယ်တွင် ဆေးလိပ်ငွေ့ကင်းစင်ရေးအတွက် ဆောင်ရွက်မည့်စီမံချက်၊ မြို့နယ်အဆင့် ကြီးကြပ်ရေးကော်မတီ ဖွဲ့စည်းမှုနှင့် ကော်မတီ၏လုပ်ငန်းတာဝန်များ၊ မြို့နယ်အတွင်း ဆေးလိပ်ငွေ့ကင်းစင်နေရာများ သတ်မှတ်ခြင်းနှင့် ဆေးလိပ်‌ငွေ့ကင်းစင်ရေး ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို အသေးစိတ်ပြောကြားပေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇင်ကိုကို