တာချီလိတ်မြို့နယ် မြန်မာ-လာအို နယ်နိမိတ်အကြား မဲခေါင်မြစ်မူလရေနက်ကြောင်း သဲသောင်တူးဖော်ခြင်း စီမံကိန်း သက်ဆိုင်သူများနှင့် တွေ့ဆုံဆွေးနွေး

တာချီလိတ် စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် မြန်မာ-လာအို နယ်နိမိတ် အမှတ် (၂)နှင့် အမှတ် (၇)အကြား မဲခေါင်မြစ်မူလရေနက်ကြောင်း သဲသောင်တူးဖော်ခြင်းစီမံကိန်းအတွက် သက်ဆိုင်သူများနှင့် ယမန်နေ့ မွန်းလွဲ ၂ နာရီက ခရိုင်/မြို့နယ် စုပေါင်းရုံး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင့်ဝေသုံက အဖွင့်အမှာစကားပြောကြားပြီး Consultantcy Research Education (CRE) အကြံပေး ကုမ္ပဏီ ဒါရိုက်တာ ဒေါ်ခင်ဥမ္မာထွေးက မြန်မာ-လာအို နယ်နိမိတ် အမှတ် (၂)နှင့် (၇)ကြား မဲခေါင်မြစ်မူလရေနက်ကြောင်း သဲသောင်တူးဖော်ခြင်းစီမံကိန်း၏ ရည်ရွယ်ချက်များ၊ Initial Environmental Examination (IEE) ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းတွင် လေ့လာမည့် အကြောင်းအရာများနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ကွင်းဆင်းတိုင်းတာ‌တွေ့ရှိချက်များနှင့်နှင့် သုံးသပ်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဌာဆိုင်ရာများနှင့် ဒေသနေပြည်သူများက သဲသောင်တူးဖော်ခြင်း စီမံကိန်းနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းရာ CRE ကုမ္ပဏီ ဒါရိုက်တာနှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (DWIR) ညွှန်ကြားရေးမှူး ဦးဇော်လွင်နှင့် တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

အဆိုပါ မြန်မာ-လာအို နယ်နမိတ်ပေါ်ရှိ မဲခေါင်မြစ် နယ်နမိတ် အမှတ် (၂)နှင့် (၇)ကြား မူလရေနက်စီးကြောင်းအတိုင်း ပြန်လည်စီးဆင်းပါက မဲခေါင်မြစ်အတွင်း သွားလာသော ရေယာဉ်များ၊ ကုန်တင်သင်္ဘောများအား စစ်ဆေးခြင်းနှင့် အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်နိုင်ခြင်း၊ ရေယာဉ်များ ဝင်/ထွက် သွားလာမှုလွယ်ကူပါက ခရီးသွားလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)