မော်လမြိုင် စက်တင်ဘာ ၁၃
တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို အခြေခံသည့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြင့် အမျိုးသား ယဉ်ကျေးမှုစရိုက်လက္ခဏာများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်ရည်ရွယ်၍ မွန်ပြည်နယ် ၂၀၂၅ ခုနှစ် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အကဲဖြတ်အမှတ်ပေးဒိုင်များ၊ မြို့နယ်အသီးသီးမှ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားကို အောင်စေပိုင်စေသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်၍ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ စီးပွားရေးရာဝန်ကြီး နိုင်လယိတမနှင့် လူမှုရေးရာ၀န်ကြီး ဦးတင်ဇော်ထွန်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက လူမျိုးတိုင်းလူမျိုးတိုင်းတွင် ကိုယ်ပိုင် စာပေယဉ်ကျေးမှု အနုသုခုမ ပညာရပ်များ ပိုင်ဆိုင်မှုရှိကြသကဲ့သို့ မိမိ၏ ရိုးရာယဉ်ကျေးမှုအမွေ ကို တိမ်ကောပပျောက်မှုမရှိအောင် ထိန်းသိမ်းကြရန်လည်း တာဝန်ရှိသလို “ယဉ်ကျေးမှုအစစ်၊ လူ့အနှစ်” ဆိုသကဲ့သို့ လူမျိုးတိုင်း လူမျိုးတိုင်းတွင် ၎င်းတို့ပိုင်ဆိုင်ထားသော ယဉ်ကျေးမှု အစစ်သာလျှင် ထိုလူမျိုး၏ လူ့အဆင့်အတန်းကို ဖော်ပြရောင်ပြန်ဟပ်နေမှာ ဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုနှင့်ပတ်သက်၍ လူငယ်များ အတုခိုးမမှားဖို့ မိဘ၊ ဆရာသမားများက ငယ်စဉ်ကပင် ဆုံးမပဲ့ပြင်၍ လမ်းမှန်ရောက်အောင် ပို့ဆောင်ပေးရန်လိုအပ်ကြောင်း၊ ယခုနှစ် အလှည့်ကျ တိုင်းရင်းသား အကဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး၏ ရိုးရာအကအတွက်လည်း အောင်မြင်မှုရရှိရန် ကြိုတင်ပြင်ဆင် စုဖွဲ့လေ့ကျင့်ထားရှိကြရန် လိုအပ်ကြောင်း၊ မွန်ပြည်နယ်မှ ထူးချွန်သူများ ပေါ်ထွက်လာစေရန် အကဲဖြတ်ဒိုင်များက ဖော်ထုတ် ရွေးချယ်ပေးကြပြီး ပညာရှင်များမှလည်း ပိုမိုထူးချွန်လာအောင် လေ့ကျင့်ပံ့ပိုးပေးကြစေလိုပြီး ပြိုင်ပွဲဝင်အားလုံးမှလည်း မွန်ပြည်နယ်၏ဂုဏ်ကို ဆောင်နိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ အလှူရှင်များက ထည့်ဝင်လှူဒါန်း ပေးကြသော အလှူငွေများကို ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာ၀န်ကြီး နိုင်လယိတမက ပေးအပ်ရာ လူမှုရေးရာ၀န်ကြီး ဦးတင်ဇော်ထွန်းက လက်ခံရယူခဲ့ပြီး “ဒေဝစ္ဆရာ နှစ်ပါးသွား အက”ဖြင့် ကပြဖျော်ဖြေနေမှုကိုလည်းကောင်း၊ “နှလုံးသားကိုအလှဆင်ပါ” တေးသီချင်းဖြင့် သီဆိုနေမှုကိုလည်းကောင်း၊ “သူဌေးဝါဒ” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်နေမှုတို့ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးပြီး ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ အကပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းတွင် အဆိုပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး မဟာဂီတနှင့် ခေတ်ဟောင်းကာလပေါ် ဝင်ရောက်ယှဉ်ပြိုင်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
အလားတူ မော်လမြိုင်မြို့ ပညာရေးဒီဂရီကောလိပ်၌ အတီးပြိုင်ပွဲနှင့် အရေးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
မွန်ပြည်နယ် ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို ပြိုင်ပွဲအမျိုးအစားဘာသာရပ် (၄)မျိုး၊ အခြေခံပညာအဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ၀င် (၁၄၄) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ထိ (၃)ရက်ကြာ ယှဉ်ပြိုင်သွားကြမည်ဖြစ်ကာ ဆုရရှိသူများအား ဂုဏ်ပြုဆုများ ထိုက်တန်စွာ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ပညာညီလာခန်းမ၌ ကျင်းပသည့် တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၄/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍမှာ အဓိကမဏ္ဍိုင်ဖြစ်တဲ့ အခြေခံပညာကျောင်းများမှ တိုင်းရင်းသား ဘာသာစာပေကို သင်ကြားပို့ချပေးနေတဲ့ ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာ အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲကို မွန်ပြည်နယ်မှာ စတုတ္ထအကြိမ် သင်တန်း ပို့ချပေးနိုင်ခဲ့၍ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မွန်ပြည်နယ်သည် ပညာရေး အဆင့်အတန်းမြင့်မားသည့် ပြည်နယ်ဖြစ်သလို စီးပွာရေးအရ အချက်အချာကျတဲ့ ဒေသတစ်ခုဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်တဲ့ ဆိပ်ကမ်းမြို့တစ်မြို့လည်းဖြစ်ကာ စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားပြီး ဒေသထွက်ကုန်များလည်း ပေါများလှပါကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် အရေးပါတဲ့ စိတ်ဓာတ်ကောင်းမွန်ပြီး စည်းကမ်းလိုက်နာကာ ခံယူချက် သဘောထားမှန်ကန်၍ စွမ်းရည်များ ပြည့်ဝကျွမ်းကျင်သော နိုင်ငံ့သားကောင်းများကို လေ့ကျင့် မွေးထုတ်နိုင်တဲ့ ဆရာ၊ ဆရာမကောင်းများ ဖြစ်ဖို့လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက သင်တန်းဆင်း နှုတ်ခွန်းဆက်စကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးကအဖွဲ့ဝင်ဝန်ကြီးများက ပေးအပ်ရာ သင်တန်းသူများက လက်ခံရယူကြသည်။
ဆက်လက်၍ သင်တန်းသူလေးများက မွန်၊ ကရင်၊ ပအို့ဝ်တိုင်းရင်းသားအကအလှများဖြင့် ဖျော်ဖြေတင်ဆက်နေမှုကို မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှုအားပေးပြီး တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေး စကားပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ် အခြေခံပညာ ကျောင်းသားအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဦးစွာ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်အားကစား သမားများနှင့် ဘင်ခရာ၊ ပန်းပွားအဖွဲ့များက ကွင်းအတွင်းနေရာယူ၍ အားကစားသမားများက အားကစားသစ္စာဓိဋ္ဌာန်ရွတ်ဆိုပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ် အနေနဲ့ နိုင်ငံတော်၏ မျိုးဆက်သစ်အားကစားသမားများရရှိရေး ကူညီပံ့ပိုးပေးနိုင်ရန် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ပြီး အားကစားပွဲတော်မှာလည်း စည်းကမ်းကျနစွာနဲ့ ကြိုးစားပြီး ပြည်နယ်ကိုယ်စားပြု၍ နိုင်ငံတော်အတွက် အားထားရမဲ့ အားကစားသမားများဖြစ်အောင် ကြိုးစားကြဖို့လိုအပ်ကြောင်း၊ အားကစားမောင်၊ မယ် ကျောင်းသူလေးများအနေနဲ့ ကျန်းမာကြံ့ခိုင်ပြီး ပညာထူးချွန် လူရည်မွန်များဖြစ်အောင်၊ ဘက်စုံထူးချွန်တဲ့ လက်ရွေးစင်အားကစားသမားများဖြစ်အောင် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် အားကစားသမားများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့ ကျောင်သူလေးများ၏ သရုပ်ပြတင်ဆက်နေမှုကိုလည်းကောင်း၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းများမှ အခြေခံပညာကျောင်းများတွင် သင်ရိုးဝင်ဖြစ်သော ကိုယ်ကာယကြံ့ခိုင်ရေး အတွဲအမှတ်(၃)(၄)ဖြင့် သရုပ်ပြတင်ဆက်ေနမှု၊ Physical Fitness Dance အကဖြင့် သရုပ်ပြတင်ဆက်နေမှုနှင့် အမျိုးသား၊ အမျိုးသမီး မီတာ(၁၀၀) ၊ မီတာ (၂၀၀) ၊ မီတာ (၄၀၀) ဗိုလ်လုပွဲယှဥ်ပြိုင်နေမှုတို့ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်(၁၀)မြို့နယ်၊ ကျောင်းသား အားကစားပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် ပါဝင်ကူညီလှူဒါန်းပေးပါသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဆုရရှိသူများနှင့် ဖျော်ဖြေတင်ဆက်ပေးသော ကျောင်းသူလေးများအား ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများက ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ် မွန်ပြည်နယ် အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲကို အမျိုးသား၊ အမျိုးသမီးဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ ဘတ်စကတ်ဘောအားကစားနည်း (၇)နည်း ထည့်သွင်းကျင်းပမည်ဖြစ်ပြီး မွန်ပြည်နယ် (၁၀)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှကျောင်းသား၊ ကျောင်းသူ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ ပြိုင်ပွဲအမျိုးအစားအလိုက် မော်လမြိုင်မြို့ပေါ်ရှိ အားကစားကွင်း၊ အားကစားရုံ၊ အားကစားခန်းမတို့၌ စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၉ ရက်နေ့ထိ ၈ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)