ပြင်ဦးလွင်မြို့တွင် “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့” အကြို ပြိုင်ပွဲများကျင်းပ

ပြင်ဦးလွင် စက်တင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊  ပြင်ဦးလွင်မြို့တွင်  ၂၀၂၅-ခုနှစ်၊  စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့"အကြို စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာဝတီခန်းမဆောင်၌  စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

ပြင်ဦးလွင်ခရိုင်အတွင်းရှိ ကျောင်းပေါင်းစုံ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် မူလတန်းအဆင့်ပန်းချီပြိုင်ပွဲများ ကျင်းပခဲ့ရာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ယှဉ်ပြိုင်သူ (၃၀) ဦးနှင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ယှဉ်ပြိုင်သူ (၅၃) ဦး၊ စုစုပေါင်း (၈၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါကြောင်းနှင့် ဆုရရှိမည့်သူများကိုရွေးချယ်ပြီး (၁၆-၉-၂၀၂၅) ရက်နေ့တွင် ကျင်းပမည့် “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အခမ်းအနားတွင် ဆုများကို ချီးမြှင့်သွားမည် ဖြစ်ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ  သိရသည်။

ခရိုင် (ပြန်/ဆက်)