ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ လားရှိုးမြို့၊ မဟောဗောဓိစေတီတော် တည်ဆောက်နေမှုနှင့် တန့်ယန်းခရိုင်ရှိ Mother Love လက်ဖက်ခြံအား သွားရောက်ကြည့်ရှု

လားရှိုး စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ (၁၁) ရက်၊ နံနက် (၇)နာရီခွဲက လားရှိုးမြို့၊ ရန်တိုင်းအောင်စေတီတော် ကုန်းတော်အတွင်းရှိ မဟာဗောဓိစေတီတော်အသစ် တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး စေတီတော်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က အလှူတော်ငွေကျပ်သိန်း(၃၀၀)ပေးအပ် လှူဒါန်းရာ စေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူကြကြောင်း သိရသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တန့်ယန်းမြို့နယ်၊ ခိုယောင်းကျေးရွာအုပ်စုတွင် ရွှေချမ်းလုံထုတ်လုပ်မှု ကုမ္ပဏီလိမီတက်မှ ဘိန်းအစားထိုး  Mother Love စံပြ လက်ဖက်စိုက်ခင်းအား သွားရောက်ကြည့်ရှုရာ ခြံပိုင်ရှင်က ရှင်းလင်းတင်ပြပြီး ဧည့်မှတ်တမ်းတွင် လက်မှတ်ရေးထိုး၍ လက်ဖက်ခြံအား လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်ခန်းမတွင် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများနှင့် တွေ့ဆုံရာ ဦးစွာ တန့်ယန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုဦးက အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ကဏ္ဍများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသလိုအပ်ချက်များတင်ပြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူးတို့က လုပ်ငန်းဆိုင်ရာများနှင့်စပ်လျဥ်း၍ ပြန်လည်ရှင်းလင်း ဖြေကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသလိုအပ်ချက်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အမှာစကားပြောကြားရာ ဒေသလိုအပ်ချက်များကို လာမည့်ဘဏ္ဍာနှစ်များတွင် ဖြည့်စွက်ရန်ပုံငွေများဖြင့် ဆောင်ရွက် ပေးသွားမည်ဖြစ်​ကြောင်း၊ စည်ပင်သာယာရေးဌာနအနေဖြင့် အခွန်ကိုမှန်မှန်ကန်ကန် ကောက်ယူနိုင်မှသာ မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်မှာဖြစ်ပါကြောင်း၊ ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အစိုးရနှင့်ပြည်သူလက်တွဲပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး မြို့မိမြို့ဖများကလည်း ကြိုးစားဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မကြာမီကျင်းပမည့် ရွေးကောက်ပွဲ အောင်မြင်ရန်အတွက် အားလုံးကဝိုင်းဝန်းကြိုးစားပေးကြရန်၊ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံသားတိုင်းသည် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်၍ မဲပေးရမည်ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှလည်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးနေပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူးရေးကဏ္ဍသည် အရေးကြီးပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးသည် အဓိက ဖြစ်ပါကြောင်း၊ သီးထပ်စိုက်ပျိုးရေးအတွက် မျိုး၊ စိုက်နည်းစနစ်၊ စိုက်ပျိုးရေရရှိရေးကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍကို တိုးတက်အောင်မြင်အောင် ဆောင်ရွက်ရန်လို အပ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်မဖြစ်ပွားစေရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ကြပ်မတ်ဆောင်ရွက်ပေးရန်နှင့် သစ်ပင်များစိုက်ပျိုးပေးရန်လည်း လိုအပ်ပြီး သက်ဆိုင်ရာဌာနများက ပေါင်းစပ်ဆောင်ရွက် ပေးကြရန်လိုအပ်ပါကြောင်း၊ မြေအသုံးချမှုတွင် မှန်မှန်ကန်ကန်ဖြစ်စေရန် လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာနက စနစ်တကျဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ပညာရေးကဏ္ဍတွင်လည်း သက်ဆိုင်ရာဌာနများက ပေါင်းစပ်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ခရိုင်အဆင့်တိုးချဲ့ဆောင်ရွက်ခြင်းသည် အုပ်ချုပ်ရေးယန္တရားကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊ မြို့သန့်ရှင်းသာယာရေးနှင့် အမှိုက်ကင်းစင်စေရေးကို သက်ဆိုင်ရာဌာနများနှင့် ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားတက်ရောက်လာသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကြပြီး တန့်ယန်း-မိုင်းကောင်-တာမဆွန် လမ်း ၅ မိုင် ၀ ဖာလုံနှင့် လဲချား-မိုင်းနောင်-မိုင်းရှူး-မိုင်းအွတ်-မိုင်းကောင်လမ်း ၁၆ မိုင် ၀ ဖာလုံ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှမ်းပြည်နယ်(​မြောက်ပိုင်း)၊ လမ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက ၂၀၂၅ ခုနှစ်၊ ဧပြီလမှစ၍ ၂၀၂၆ခုနှစ်၊ မတ်လ အထိ (၁၂) လအတွင်း စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် စပ်လျဥ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လမ်းများ သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီအောင်ဆောင်ရွက်ရန်နှင့် ရေရှည်အတွက် ကောင်းမွန်ခိုင်ခံအောင် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ လမ်းများ မဖြောင့်ဖြူးသည့် နေရာများကို ဖြောင့်ဖြူးအောင် ဖြေညှိဆောင်ရွက်​ပေးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)