တောင်ကြီး စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၅-၂၀၂၆)ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ လေ့ကျင့်ပျိုးထောင်ရေးစင်တာခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်း (၃၀၀)ကို မှတ်ပုံတင်ပေးရန်လျာထားပြီး၊ ယခု အစည်းအဝေးတွင် (၄၀) ဦး စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယနေ့အထိ ရှမ်းပြည်နယ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၁၉၀၉) ခုကို မှတ်ပုံတင်ခွင့်ပြုထားပေးပြီးဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းကော်မတီ အမှတ်စဉ်(၃/၂၀၂၅-၂၀၂၆)အစည်းအဝေးတွင် လုပ်ငန်းအသစ်လျှောက်ထားလာသည့် စားသောက်ကုန်လုပ်ငန်း (၂၂)ခု၊ လူသုံးကုန်လုပ်ငန်း(၆)ခု၊ အဝတ်အထည်လုပ်ငန်း(၄)ခု၊ နေထိုင်ရေးလုပ်ငန်း(၁)ခု၊ စက်မှုအလုပ်ရုံ(၁)ခု၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်း(၁)ခုနှင့် အထွေထွေလုပ်ငန်း(၅)ခု၊ စုစုပေါင်း (၄၀)ခု ကိုဥပဒေနှင့် အညီစနစ်တကျခွင့်ပြုပေး နိုင်ဖို့ဝိုင်းဝန်းဆွေးနွေးကြရန်ဖြစ်ပါကြောင်း၊ မြင်းကောင်ရေ(၅)ကောင်အားနှင့်အောက်ရှိပြီး အလုပ်သမား (၉) ဦး ထက်ပိုသည့် စက်မှုလုပ်ငန်းနှင့် အလုပ်သမား (၃) ဦးနှင့်အထက်ရှိသည့် လက်မှုလုပ်ငန်းများကို ဥပဒေနှင့်အညီ လုပ်ငန်းလုပ်ကိုင် ခွင့်ရရှိစေရေး သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေး ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက လုပ်ငန်းမှတ်ပုံတင်များ ထုတ်ပေးမှုနှင့်ပတ်သက်၍ ပါဝါပွိုင့်ဖြင့်ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးနှင့် ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးကြပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင်များကို ဥပဒေနှင့်အညီ စိစစ်ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။
ကျော်ဇင်(ပြည်နယ်၊ပြန်/ဆက်)