နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အရိပ်ရသစ်ပင်များဖြည့်ဆည်း စိုက်ပျိုးနေမှုနှင့် ပန်းခြံအတွင်း ပန်းအလှပင်များစိုက်ပျိုးနေမှုကို ကြည့်ရှုစစ်ဆေး

ပုဗ္ဗသီရိ စက်တင်ဘာ ၁၃

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ  စက်တင်ဘာ ၁၂ ရက်နေ့ညနေပိုင်းက နေပြည်တော် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးသို့သွားရောက်ပြီး လမ်းနယ်ပြင်ပတွင် ကြိုးဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောများနှင့် မြေကွက်လပ်၊ မြေလွတ်/ မြေရိုင်းနေရာများတွင် ၅ ဧက၊ ၁၀ ဧကခန့်ရှိ သစ်တောငယ်များ တည်ထောင်နိုင်ရေးအတွက် သစ်ပင်များစိုက်ပျိုးရန် လျာထားသတ်မှတ်ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်ပရဝုဏ်အတွင်း နှစ်ရှည်ပင်နှင့်ပန်းအလှပင်များ စိုက်ပျိုးထားရှိမှုကိုလည်းကောင်း  ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် ဒက္ခဏသီရိမြို့နယ်၊ တော်ဝင်ရတနာလမ်း၌ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ လမ်းဘေးဝဲယာ တစ်လျှောက် ခရေ၊ စင်ကာပူချယ်ရီ၊ စိန်ပန်း၊ မဟော်ဂနီစသည့် အရိပ်ရအပင်များ ဖြည့်စွက် စိုက်ပျိုးနေမှုနှင့် ရန်အောင်မြင်ဆည်အောက်ခြေရှိ ပန်းခြံတွင် ဇလပ်စင်္ကြာ၊ ရွှေသပြေ၊ တရုတ်စကား၊ ပိတောက်၊ အုန်းချိုမွေး၊ ကွန်းပွားစသည့် ပန်းအလှပင်များ ဖော်ဆောင်စိုက်ပျိုးနေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ကြည့်ရှုစစ်ဆေးစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်ကောင်စီနယ်မြေအတွင်း သစ်ပင်သစ်တောများဖြင့် စိမ်းလန်းစိုပြည်ပြီး သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေး အတွက် အားလုံးပူးပေါင်းဆောင်ရွက်ရန်နှင့် စိုက်ပျိုးသည့် သစ်ပင်ပန်းပင်များ စဉ်ဆက်မပြတ် ရေရှည် တည်တံ့ခိုင်မြဲစွာရှင်သန်စေရေး ဝိုင်းဝန်းစောင့်ရှောက်ကြရန်၊ နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက် ရေးနှင့် ပြည်သူများ စားရေရိက္ခာဖူလုံပြီး ကျန်းမာပျော်ရွှင်ရေးနှင့် သဘာဝဘေးအန္တရာယ်တချို့မှ ကာကွယ်နိုင်ရန်အတွက် သစ်ပင်သစ်တောများ၏ အခန်းကဏ္ဍသည် အဓိကကျပါကြောင်း၊ သစ်ပင်သစ်တောများ ရေရှည်တည်တံ့စေရန်အတွက် ဘက်စုံကဏ္ဍစုံမှ ရှုမြင်သုံးသပ်ပြီး သစ်တော ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အမျိုးသားရေးလုပ်ငန်းတစ်ရပ်အဖြစ် စနစ်တကျဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တာဝန်ရှိသူများအား ပြောကြားခဲ့ကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)