ပုဗ္ဗသီရိ စက်တင်ဘာ ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ သွားနှင့် ခံတွင်းဆေးရုံကြီး၌ မျက်စိအမြင်အာရုံ ချို့ယွင်းနေသူများအား အခမဲ့ ကုသပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဆေးရုံကြီးတွင် ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ပုဗ္ဗသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ မျက်စိအမြင်အာရုံ ချို့ယွင်းနေသူများအား အခမဲ့ ကုသပေးခြင်းလုပ်ငန်းကို သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာကြီး၊ သဲဖြူဆရာတော် ဘုရားကြီး ဒေါက်တာဘဒ္ဒန္တပညာဇောတ မထေရ်မြတ်ကြီးအား ဦးထိပ်ထား၍ ပြည်ထောင်စုနယ်မြေအတွင်းရှိ မျက်စိအမြင်အာရုံချို့ယွင်းသူများ အလင်းပြန်လည် ရရှိစေရန်ရည်ရွယ်၍ နေပြည်တော် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်ရောဂါ အထူးကုဆေးရုံကြီး ပါမောက္ခ(မျက်စိ)မှ ဦးဆောင်ကာ အခမဲ့ မျက်စိစမ်းသပ်၊ စစ်ဆေး၊ ခွဲစိတ် ကုသပေးမည်ဖြစ်ပါကြောင်းနှင့် မျက်စိအာရုံချို့ယွင်းနေသူများ၏ ဆေးရုံအသွားအပြန် ခရီးစရိတ်များ ခွဲစိတ်ကုသခြင်း ကိစ္စများအားလုံးကို MOTHER GROUP OF COMPANIES မှ အခမဲ့ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အခမဲ့မျက်စိခွဲစိတ်ကုသပေးခြင်းလုပ်ငန်းကို သွားနှင့်ခံတွင်းဆေးရုံကြီး (နေပြည်တော်)တွင် (၉-၉-၂၀၂၅) ရက်နေ့တွင် စမ်းသပ်စစ်ဆေးခြင်းနှင့် (၁၆-၉-၂၀၂၅) ရက်နေ့မှစ၍ အတွင်းတိမ် ရောဂါလူနာများ၊ အခြားမျက်စိအမြင်အာရုံ ချို့ယွင်းသူများအား အခမဲ့ ခွဲစိတ်ကုသခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးသွား မည်ဖြစ်ပါသည်။
မျက်စိဝေဒနာရှင်များအား (၅၀၀)ဦးထိ အခမဲ့ခွဲစိတ်ပေးမည်ဖြစ်ကြောင်း၊ (၉-၉-၂၀၂၅)ရက်နေ့မှ (၁၂-၉-၂၀၂၅ )ရက်နေ့အထိ (၄) ရက်တာကာလအတွင်း လာရောက် ပြသသူပေါင်း (၈၇၅)ဦး ရှိပါကြောင်း နေ့စဉ် စမ်းသပ်စစ်ဆေးပေးမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)