မရမ်းကုန်း စက်တင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ပြိုင်ပွဲများနှင့် နံရံကပ်၊ စာအုပ်စာစောင်ပြပွဲများကို စက်တင်ဘာ ၁၂ ရက်နေ့နံနက် ၁၀ နာရီက အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းစာများကို စဉ်ဆက်မပျက် လေ့လာရုံသာမက ပြင်ပဗဟုသုတစာအုပ်စာပေများကိုလည်း ဖတ်ရှုသင့်ကြောင်းကို "လူငယ်နှင့်စာဖတ်ခြင်း" ခေါင်းစဥ်ဖြင့် ဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်မော်က စိတ်ဓာတ်ကြံ့ခိုင်ရုံသာမက ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းစေရန်ရည်ရွယ်၍ “လူငယ်နှင့်အားကစား’’ ခေါင်းစဥ်ဖြင့်ဟောပြောခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ် စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ခါးလှည့်ကွင်းပြိုင်ပွဲ၊ ဘောလုံးပစ်ပြိုင်ပွဲကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြပြီး အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်၊ စာအုပ်စာစောင်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)