ပင်းတယ စက်တင်ဘာ ၁၂
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ရှားပြားကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ သွားရောက်ကာ ကျန်းမာရေးဌာနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ KG ကျောင်းသား/ကျောင်းသူများအား ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်ပြီး ကျန်းမာသန်စွမ်း၍ ဉာဏ်ရည်မြှင့်မားတိုးတက်စေရန်အတွက် အစာအုပ်စု (၃) အုပ်စုနှင့်အညီ အာဟာရကျွေးမွေးနေမှုတို့အား သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကိုသက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အလှူငွေများကို ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ရှားပြားကျေးရွာအုပ်စု၊ ရှားပြားကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာအသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးစေခြင်းနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကား ပြောကြားရာတွင် မကြာမီကာလအတွင်း တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ယခုအခါ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပြီး၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် တစ်နိုင်ငံလုံးဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ ပင်းတယမြို့နယ်အနေနဲ့လည်း ပင်းတယမြို့နယ်အတွင်းရှိ မဲရုံများတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးနိုင်ရေးအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် သက်ဆိုင်ရာတာဝန်ရှိသူများကို သင်တန်းများ ဖွင့်လှစ်သင်ကြားပေးပြီးဖြစ်ပါကြောင်းနှင့် ဒေသနေမိဘပြည်သူများ သိရှိနားလည်စေရန်အတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာ့အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ (MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်း အခမ်းအနားကို ပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း စသည့်ဖြင့် ပြောကြားပေးသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တစ်ဦးမှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းဆွေးနွေတင်ပြပေးပြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပင်းတယမြို့နယ် ရဲတပ်ဖွဲ့မှူးမှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ဟန့်တားဖျက်ဆီးခြင်းနှင့် ကာကွယ်ပေးရေးဥပဒေမှ သိမှတ်ဖွယ်ရာများအား ရှင်းလင်းပြောကြားပေးသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသည့် ရှားပြားကျေးရွာအုပ်စုနေ ဒေသခံပြည်သူ ကျေးရွာသား/ကျေးရွာသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ ယင်းနောက် တက်ရောက်လာသည် ဒေသခံပြည်သူ ကျေးရွာသူ/ကျေးရွာသား များက မိမိတို့၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို တင်ပြကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ပြန်လည်ပေါင်းစပ်ညိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)