ချမ်းအေးသာစံ စက်တင်ဘာ ၁၂
အနာဂတ်ကာလတွင် မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဉာဏ်ရည်မြင့်မားစေရန်နှင့် အသိပညာဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းအခမ်းအနားကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၉ နာရီခွဲက အမှတ်(၂၇) အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ချမ်းအေးသာစံမြို့နယ် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးဝေသျှန်ဖြိုးမှ “ကျောင်းသား၊ ကျောင်းသူများအား စိတ်ဓာတ်မြင့်မားစေရန်နှင့်စည်းကမ်းရှိစေရန်တို့အတွက် ဦးစွာပြောကြားခဲ့ပြီး ကျောင်းသားလူငယ်များ ပညာရေးကို ထူးချွန်စေရန်အတွက် ကြိုးစားအားထုတ်ကြဖို့” အဖွင့်အမှာစကားအနေဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်မှ လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူငါးဦးတို့နှင့်အတူ လူငယ်စကားဝိုင်းအခမ်းအနားကို စတင်ခဲ့ကြရာ မောင်ဝေဖြိုးအောင်မှ “လူငယ်နှင့်ဗလငါးတန်”၊ မခင်စုစုစံမှ “လူငယ်နှင့်အားလပ်ချိန်”၊ မောင်အောင်မင်းခန့်မှ “လူငယ်နှင့်စာဖတ်ခြင်း”၊ မဇင်မျိုးမြတ်သူမှ “လူငယ်နှင့်မူးယစ်ဆေး”၊ မသွန်းရတီဇော်မှ “လူငယ်နှင့်ကျန်းမာရေး”၊ စတဲ့ခေါင်းစဥ် ငါးမျိုးဖြင့် ဆွေးနွေးပြောကြားခဲ့ကြသည်။ အဆိုပါ ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့်ပတ်သတ်ရျ် ကျောင်းသား၊ ကျောင်းသူလေးများမှ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ဦးထွန်းထွန်းနိုင်မှ ပြန်လည်ဖြေကြားခဲ့ပြီး အမှတ်(၂၇)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချစ်စုကြည်မှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
လူငယ်စကားဝိုင်း အခမ်းအနားသို့ ချမ်းအေးသာစံမြို့နယ် လက်ထောက်မြို့နယ်ပညာရေးမှုးဦးဝေသျှန်ဖြိုး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်နှင့် ဝန်ထမ်းများ၊ အမှတ်(၂၇) အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချစ်စုကြည်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ စာအုပ်စာပေများ ရင်းနှီးကျွမ်းဝင်စေရန်နှင့် အသိပညာဗဟုသုတများ ပြည့်ဝစေရန်အတွက် သုတ၊ရသ စာအုပ်များကို ခင်းကျင်းပြသခဲ့ပြီး၊ လူငယ်များ၏ ပညာရေးကိုထိခိုက်စေသည့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ နံရံကပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်