မိတ္ထီလာမြို့နယ် ကွက်ငယ်ကျေးရွာ အ-ထ-က(ခွဲ)၌ လူငယ်စကားဝိုင်းကျင်းပ

မိတ္ထီလာ စက်တင်ဘာ ၁၂

မိတ္ထီလာမြို့နယ် ကွက်ငယ်ကျေးရွာ အ-ထ-က(ခွဲ)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်း ပထမပိုင်းအစီအစဉ်ကို ဦးစွာကျင်းပရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်းက အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်က လူငယ်များ ဗလငါးတန် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အသိပညာပေးပြောပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာလာဆွေဝင်းက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးဒေါ်နှင်းနုဝါက  ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားသည်။

လူငယ်စကားဝိုင်းဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ ဦးစီးအရာရှိ ဒေါ်မာလာဆွေဝင်း ဦးဆောင်၍ ကျောင်းသူ၊ ကျောင်းသား ၅ ဦးက လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့် စာရိတ္တခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသူ၊ ကျောင်းသားများက ပါဝင်ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ချမ်းသာ