နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ပုဗ္ဗသီရိမြို့နယ်ရှိ သွားနှင့်ခံတွင်းဆေးရုံကြီးတွင် မျက်စိဝေဒနာရှင်များ အခမဲ့ခွဲစိတ်ကုသပေးနေမှုအား ကြည့်ရှအားပေး

ပုဗ္ဗသီရိ စက်တင်ဘာ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ သွားနှင့် ခံတွင်းဆေးရုံကြီး၌ မျက်စိအမြင်အာရုံချို့ယွင်းနေသူများအား အခမဲ့ကုသပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက အဆိုပါဆေးရုံကြီးတွင်ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ပုဗ္ဗသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ မျက်စိအမြင်အာရုံ ချို့ယွင်းနေသူများအား အခမဲ့ကုသပေးခြင်းလုပ်ငန်းကို သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာကြီး၊ သဲဖြူဆရာတော် ဘုရားကြီးဒေါက်တာဘဒ္ဒန္တပညာဇောတ မထေရ်မြတ်ကြီးအား ဦးထိပ်ထား၍ ပြည်ထောင်စုနယ်မြေအတွင်းရှိ မျက်စိအမြင်အာရုံချို့ယွင်းသူများ အလင်းပြန်လည်ရရှိစေရန် ရည်ရွယ်၍ နေပြည်တော် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်ရောဂါ အထူးကုဆေးရုံကြီး ပါမောက္ခ(မျက်စိ)မှ ဦးဆောင်ကာအခမဲ့ မျက်စိစမ်းသပ်၊ စစ်ဆေး၊ ခွဲစိတ်ကုသပေးမည် ဖြစ်ပါကြောင်းနှင့် မျက်စိအာရုံချို့ယွင်းနေသူများ၏ ဆေးရုံအသွားအပြန် ခရီးစရိတ်များ ခွဲစိတ်ကုသခြင်းကိစ္စများအားလုံးကို MOTHER GROUP OF COMPANIES မှ အခမဲ့ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 အခမဲ့မျက်စိခွဲစိတ်ကုသပေးခြင်းလုပ်ငန်းကို သွားနှင့်ခံတွင်းဆေးရုံကြီး (နေပြည်တော်)တွင် (၉-၉-၂၀၂၅) ရက်နေ့တွင် စမ်းသပ်စစ်ဆေးခြင်းနှင့် (၁၆-၉-၂၀၂၅) ရက်နေ့မှစ၍ အတွင်းတိမ်ရောဂါလူနာများ၊ အခြားမျက်စိအမြင်အာရုံ ချို့ယွင်းသူများအား အခမဲ့ခွဲစိတ်ကုသခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မျက်စိဝေဒနာရှင်များအား (၅၀၀)ဦးထိ အခမဲ့ခွဲစိတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)