ညောင်ရွှေမြို့၌ အင်းသားရိုးရာလှေလှော်ပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေး အစည်းအဝေး ပြုလုပ်

ညောင်ရွှေ စက်တင်ဘာ ၁၂

အင်းသားရိုးရာလှေလှော်ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်းက အမှာစကားပြောကြားပြီး လှေပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးတင်အောင်က ပြိုင်ပွဲများကျင်းပပြုလုပ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက အထွေထွေကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်းနှင့် အဆိုပါ အင်းသားရိုးရာလှေလှော်ပြိုင်ပွဲများကို ၂၆.၉.၂၀၂၅ ရက်နေ့ နေ့လယ်ပိုင်းတွင် ရေလယ်ဧည့်ခန်းမရှေ့ ရေပြင်၌လည်းကောင်း၊ ၂၈.၉.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် ညောင်ရွှေမြို့ ကမ်းနားလမ်းရှိ နန်းကပ်ချောင်း၌လည်းကောင်း၊ ၈.၁၀.၂၀၂၅ရက်နှင့် ၉.၁၀.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်းတော်ရှေ့ရေပြင်၌လည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ