ပုသိမ် စက်တင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မြောင်းမြပညာရေးဒီဂရီကောလိပ်၊ ပညာရတနာစာသင်ဆောင်ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၄/၂၀၂၅) သင်တန်းပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များပေးအပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြောင်းမြပညာရေးဒီဂရီကောလိပ်အတွင်း (၂၁၀ပေ x ၁၀၆ပေ) RC ၃ထပ်ပင်မကျောင်းဆောင်၊ (၁၂၀ပေ × ၅၀ပေ) RC ၁ထပ်ခွဲဘွဲ့နှင်းသဘင်ခန်းမနှင့် (၁၄၀ပေ x ၆၀ပေ) RC ၂ ထပ် စားရိပ်သာတည်ဆောက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့် အရည်အသွေးပြည့်မီရေးအပြင် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးအတွက် လူအင်အား၊ စက်အင်အားဖြင့် နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ ဆောင်ရွက်ရန်မှာကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့ဆက်လက် တက်ရောက်ခဲ့ရာ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများက “ပွင့်ဖူးဝေဆာ ကျောင်းသီချင်းဖြင့် စုပေါင်းသီဆိုဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲကို နိုင်ငံ၏ရေမြေသဘာဝရင်းမြစ်များကို ထိန်းသိမ်းစောင့်ရှောက်လိုစိတ်၊ သမိုင်းကြောင်းနောက်ခံများကိုသိရှိနားလည်၍ တိုင်းရင်းသားအချင်းချင်း ရင်းနှီးချစ်ကြည်စွာ နေထိုင်လိုစိတ်များ ရင့်သန်လာစေရန်၊ လူမှုကျင့်ဝတ်နှင့်အညီ လိုက်နာရမည့်စည်းမျဉ်းစည်းကမ်း၊ အခွင့်အရေးနှင့် တာဝန်များကို သိရှိလိုက်နာကျင့်သုံးနိုင်ရန်၊ လူမှုရေးဆိုင်ရာ ကျွမ်းကျင်မှုများဖြစ်သည့် ဆက်သွယ်ပြောဆိုခြင်း (Communication)၊ လေးနက်စွာ ဆန်းစစ်ဝေဖန်ခြင်းနှင့် ပြဿနာဖြေရှင်းခြင်း (Critical Thinking and Problem Solving) ၊ တီထွင်ဖန်တီးခြင်း (Creativity and Innovation)၊ နိုင်ငံ့သားကောင်းဖြစ်ခြင်း (Citizenship) စသည့် ကိုယ်ရည်ကိုယ်သွေး ကျွမ်းကျင်မှုကိုရရှိနိုင်ရန်၊ ကမ္ဘာ့နိုင်ငံသားကောင်းများ၏ အရည်အသွေးများကိုလည်းသိရှိနားလည် နိုင်ရန်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို သိရှိလိုက်နာနိုင်ရန်နှင့် ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ ရရှိနိုင်မည် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် အခြေခံပညာကျောင်းများဖွင့်လှစ်မှု၊ ကျောင်းတက်ရောက်မှုအများဆုံးတိုင်းဒေသကြီးဖြစ်ပြီး အနာဂတ်တွင်နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်မည့် လူငယ်လူရွယ်များကို ဗလငါးတန်နှင့်ပြည့်စုံအောင် ပြုစုပျိုးထောင်ရာတွင် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည်များစွာအရေးပါပြီး လိုအပ်သည့်နေရာများကို ဖြည့်ဆည်းပေးနေခြင်းလည်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆွေးနွေးပွဲများပြုလုပ်ရာတွင် တိုင်းဒေသကြီးအတွက် များစွာအကျိုးရှိပါကြောင်း၊ မကြာခင်ကာလအတွင်း တိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေမည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်) ကို ဖွင့်လှစ်တော့မည်ဖြစ်ပါကြောင်း၊ တိုင်းရင်းဘာသာစာပေသင် ဆရာ၊ ဆရာမများအနေဖြင့် တိုင်းဒေသကြီး၏ပညာရေးကဏ္ဍနှင့် တိုင်းရင်းသားများ၏ ပညာသင်ကြားနိုင်မှုအခွင့်အလမ်းများ ပိုမိုတိုးတက်မြင့်မားရေး ကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်းနှင့် နိုင်ငံ့အကျိုးပြု သားကောင်းရတနာများဖြစ်အောင် မွေးထုတ်ပေးနိုင်သူများဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း ” အမှာစကားများပြောကြားပြီး တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအား သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များပေးအပ်ခဲ့သည်။
မြောင်းမြပညာရေးဒီဂရီကောလိပ်တွင်ပြုလုပ်သည့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲကို ယခုလ ၁ရက်နေ့မှ ၁၂ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမ (၁၂၀) ဦးတက်ရောက်ခဲ့သည်။
လှမင်းထွဋ် (ပြန်/ဆက်)