ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၄) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ဟိုပုံး စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းရှိ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ 

အခမ်းအနားတွင်  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦး၊ ရှမ်းပြည်နယ်အစိုးအဖွဲ့ဝန်ကြီးများ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သန့်ထင်စိုးနှင့် အရာရှိကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ‌ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ၊ ဒေသခံပြည်သူများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ကြပြီး သင်တန်းဆင်းပွဲတွင် သင်တန်းဆင်း စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ သင်တန်းဆင်းတပ်ခွဲက ကတိသစ္စာခံယူ၍ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သန့်ထင်စိုးက သင်တန်းတွင် ထူးချွန်ဆုရရှိခဲ့ကြသူများအား တစ်ဦးချင်းဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းမိန့်ခွန်းပြောကြားကာ သင်တန်းဆင်းတပ်ခွဲများက ချီတက်အလေးပြုခဲ့ကြသည်။

ထို့နောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦးက ဘုရင်နောင်ခန်းမ၌ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းသင်တန်းသားများနှင့်တွေ့ဆုံ၍ ဂုဏ်ပြုစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)