မြစ်သား စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၉ နာရီက မြစ်သားမြို့နယ် ရွှေသူဌေးရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများ၏ “မြန်မာ့ကျောင်း” သီချင်းဖြင့်အခမ်းအနား စတင် ဖွင့်လှစ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ၂ ဘာသာဂုဏ်ထူးရှင် (၄၆) ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် (၅၈)ဦးတို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာ၀န်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြပြီးကျောင်းသား၊ ကျောင်းသူများက “ပြည်မြန်မာ” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့၀င်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၂၀၀) ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)