တံတားဦး စက်တင်ဘာ ၁၂
တံတားဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို စက်တင်ဘာ ၁၂ ရက်နေ့ မွန်းလွဲ(၂)နာရီက တံတားဦးမြို့ အမှတ်(၂)ရပ်ကွက် မြို့နယ်ခန်းမတွင် ကျင်းပကြောင်းသိရသည်။
အခမ်းအနားတွင် တံတားဦးခရိုင် ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ငြိမ်းက အမှာစကားပြောကြားရာတွင် ၂၁ ရာစုကာလသည် ပညာခေတ်ဖြစ်သည့်အားလျော်စွာ အသိပညာ၊ အတတ်ပညာ၊ နည်းပညာတို့နှင့် လူ့ဘောင်သစ်ကို တည်ထောင်နေကြသည့် ကာလတွင် လူတိုင်းစာတက်မြောက်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ ဒါ့အပြင်ပညာရေးကဏ္ဍတွင် ရုပ်ပိုင်း ဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာများ တိုးတက်အောင်မြင်ရေးအတွက် အလေးထားဆောင်ရွက်ပေးသင့်ပါကြောင်း၊ ကျေိာင်းနေအရွယ်ကလေးများအားလုံး ကျောင်းသို့ရောက်ရှိရေး၊ကျောင်းနေမြဲရေးနှင့် ကျောင်းပညာပြီးဆုံးသည်အထိ ပညာသင်ယူနိုင်ရေး၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ရှေ့ဆက်အသက်မွေးဝမ်းကျောင်းပညာနဲ့ အဆင့်မြင့်ပညာများကို သင်ယူရာတွင် အင်ပြည့်အားပြည့် ကြိုးစားသင်ယူစေလိုကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တောင်ဘီလူအခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား၊ ကျောင်းသူများက” ဘက်စုံပညာကိုယ်ရည် ဒို့လှမ်းချီ “ သီချင်းဖြင့် ဖျော်ဖြေပြီး ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများကို ခရိုင်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက ဆုများကိုအသီးသီး ပေးအပ်ချီးမြှင့်ပေးကြသည်။
တံတားဦးမြို့နယ်အနေဖြင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင် ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများမှာ (၄)ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၁၅)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင်(၁၀)ဦး၊(၁)ဘာသာဂုဏ်ထူးရှင်(၅၂)ဦး၊ စုစုပေါင်း (၈၀)ဦးဖြစ်ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)