မိတ္ထီလာ စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်တွင် ဝါသီးနှံပန်းတိုင်အထွက်နှုန်း တစ်ဧက ပိဿာ ၇၀၀ ထွက်ရှိရေး TOT သင်တန်းကို စက်တင်ဘာ ၁၁ ရက် နံနက် ၈ နာရီခွဲက ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဝင်းထိန်က ခရိုင်အတွင်းရှိ စိုက်ပျိုးရေး ဝန်ထမ်းများအား ဝါသီးပွင့်အင်္ဂါများ တင်ရှိပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝမြေဩဇာများ ထည့်သွင်းသုံးစွဲရေး၊ ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာကို အချိုးကျရောစပ်သုံးစွဲရေး၊ EMဘိုကာရှီပြုလုပ်သုံးစွဲရေး စသည်များ မှာကြားခဲ့သည်။ ၎င်းနောက်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်းက ဝါအထွက်နှင့် အရည်အသွေး တိုးတက်အောင် ဆောင်ရွက်ရာတွင် သတိပြုရမည့်အချက်များ၊ ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ ခြံတာဝန်ခံ ဒေါ်တင်မိုးသူက ဝါသီးနှံအထွက်နှုန်း တိုးတက်မြင့်မားရေးဆိုင်ရာဆောင်ရွက်ရမည့် နည်းစနစ်များ၊ ပန်းတော်ဆက် ဝါသီးနှံမျိုးသန့်ခြံတာဝန်ခံ ဒေါ်သန်းနွယ်ဌေးက ဝါအထွက်နှုန်း စံကွက်ကောက်သိမ်း တိုင်းတာနည်းများအကြောင်းကို ပို့ချခဲ့သည်။ ထို့အပြင် ဂွမ်းမွေးနှင့် ချည်အရည်အသွေး စမ်းသပ်ဌာနမှတာဝန်ခံ ဒေါ်အေးမို့မို့ခင်က ဝါချည်မျှင် အရည်အသွေးဆိုင်ရာ နည်းပညာများ၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်စန္ဒာထွန်းက ချည်မျှင်ရှည်ဝါမျိုးကွဲများ၏ အရည်အချင်းလက္ခဏာများနှင့် ဝါသီးနှံအထွက်နှုန်း မြင့်မားရေးအတွက် လိုက်နာဆောင်ရွက်ရမည့်နည်းစနစ်များ၊ ခရိုင်မြေ အသုံးချရေးတာဝန်ခံ ဒေါ်စန်းစန်းဌေး က ဝါသီးနှံပန်းတိုင် အထွက်နှုန်းရရှိရန် မြေဆီလွှာ အာဟာရထက်သန်ရန် ဆောင်ရွက်ပေးခြင်း နည်းပညာများနှင့် သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်သင်းမြတ်ခိုင်က ဝါသီးနှံတွင် ကျရောက်တက်သော ပိုးမွှားရောဂါနှင့် ကာကွယ်နှိမ်နှင့်နည်းများ အကြောင်းကို ပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ၎င်၏ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည် ၊ဝမ်းတွင်းမြို့နယ်များမှ စိုက်ပျိုးရေးဝန်ထမ်း (၇၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)