မိုင်းပျဉ်း စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းမိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီက မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။
ဦးစွာ ဘောလုံးပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းနေရာယူ၍ တက်ရောက်လာသူအားလုံးတို့က နိုင်ငံတော်အလံအလေးပြုခြင်းနှင့် စစ်ကြောင်းမှူးမှဦးဆောင်ကာ ပြိုင်ပွဲဝင်ကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် (၄)ချက် ရွတ်ဆိုဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား၊ အလွတ်တန်းမိုးရာသီဘောလုံးပြိုင်ပွဲအား ဗျူဟာမှူး ဗိုလ်မှူးကြီး ပြည်သူလတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးကျော်သက်ထွေးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် လဝကဦးစီးမှူးနှင့် ဥပဒေအရာရှိ ဦးဇော်မျိုးအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်၍ တစ်ဆက်တည်း အ.ထ.က(မိုင်းပျဉ်း) ပန်းပွားအဖွဲ့က “ထာဝရသစ္စာ” သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် ဗျူဟာမှူးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြိုင်ပွဲဝင်အသင်းများအား တစ်သင်းချင်းစီ တွေ့ဆုံနှုတ်ဆက်ကြပြီး အားကစားသမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကို (၁၁-၉-၂၀၂၅)ရက်နေ့မှ (၂၇-၉-၂၀၂၅)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ဘောလုံးအသင်း (၁၀)သင်း ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ပွဲဦးထွက်အနေဖြင့် ညွန့်ပေါင်းအသင်းနှင့် မိုင်းမန်းအသင်းတို့ စတင်ယှဥ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်ဆက်)