ပုဗ္ဗသီရိ စက်တင်ဘာ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အေးမြင့်သာယာအုပ်စု အေးမြင့်သာယာ ပင်လောင်းလမ်းဆုံနှင့် ခါးပြတ်အောင်စည်သာ လမ်းဆုံကြားရှိ ရွာချင်းဆက်လမ်း အခြေအနေကို နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ပုဗ္ဗသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နေပြည်တော်ကောင်စီဝင် ဦးမင်းဦးမှ မိုးတွင်းကာလ ရေများရေစီးရေလာကောင်းမွန်စေရေး လမ်းဘေးဝဲယာရှိ ပိတ်ပေါင်းခြုံနွယ်များ ရှင်းလင်းထားရန် လိုအပ်ကြောင်း၊ ရေမြောင်းများ ပြန်လည်တူးဖော်ရေးကိစ္စ ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ လျှပ်စစ်မီး ကြိုးနှင့် မလွတ်သည့် သစ်ပင်သစ်ကိုင်းများအား အမြန်ဆုံးရှင်းလင်းသွားရန် လိုအပ်ကြောင်း တာဝန်ရှိသူများအား နေရာပြသ မှာကြားခဲ့ပါသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးသည် ပေါက်တောကျေးရွာရှိ ဒေါ်ပြုံးသက်ပိုင် မွေးမြူထားသော (မဟာမိတ်) အသားတိုး ကြက်ခြံနှင့် ဥစားကြက်ခြံတို့အား လိုက်လံ ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း အသားစားကြက် ဖူလုံမှုရှိသည့်အတွက် ဥစားကြက်အား ဒေသတွင်း ဖူလုံမှုထက် ကျော်လွန်အောင် တိုးချဲ့မွေးမြူသွားရန်နှင့် ယင်းသို့ မွေးမြူရေးအတွက် လိုအပ်ချက် အခက်အခဲများအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နန်းရွှေရတီ (ပြန်/ဆက်)