နေပြည်တော် စက်တင်ဘာ ၁၂
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်း၍ ကျင်းပသည့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် ၂ဝ၂၅ တက်ရောက်ခဲ့သည့် နေပြည်တော် လူငယ်ကိုယ်စားလှယ်များမှ ဆွေးနွေးပွဲအတွေ့အကြုံများအား ပြန်လည်ဝေမျှခြင်း စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက Naypyitaw State Polytechnic University (NSPU)၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော် ကောင်စီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်အသီးသီးနှင့် အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
ဦးစွာ အခမ်းအနားတက်ရောက်လာကြသူများမှ နိုင်ငံတော်အလံအလေးပြုပြီး Naypyitaw State Polytechnic University (NSPU) မှ ကျောင်းသား၊ ကျောင်းသူများက “လူငယ်စွမ်းရည်” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်ကိုယ်စားပြု လူငယ်များအနေနဲ့ဖြင့် ယခုလို နိုင်ငံတော်အဆင့် ကျင်းပခဲ့သည့်ပွဲကြီးကို အောင်အောင်မြင်မြင် တက်ရောက်ပြီး အခြားတိုင်းဒေသကြီး၊ ပြည်နယ်များနှင့် တန်းတူ မေးခွန်းများ မေးမြန်းနိုင်ကာ တက်တက်ကြွကြွပါဝင်ဆွေးနွေးနိုင်မှုတွေ တွေ့ရတဲ့အတွက် ဂုဏ်ယူဝမ်းသာမိပါကြောင်း၊ ထို့အပြင် နေပြည်တော် အတွက်လူငယ်များ အတွေ့အကြုံဗဟုသုတကောင်းတွေ အတွေးအခေါ်သစ်တွေကို ယူဆောင်လာနိုင်လိမ့်မယ်လို့လည်း မျှော်လင့်မိပါကြောင်း၊ နိုင်ငံတော်အနေနဲ့လည်း အခုလို ပြည်ပပညာရှင်များနဲ့ နိုင်ငံတစ်ဝှမ်းလူငယ်တွေကို တွေ့ဆုံပြီး ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် ပထဝီဝင်မြေအနေအထား၊ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေကို နိုင်ငံအနှံ့အပြားရှိ လူငယ်တွေကိုသိရှိနိုင်အောင်၊ သိရှိပြီးအချက်အလက်တွေကိုလည်း သက်ဆိုင်ရာဒေသ အသီးသီးရှိ လူငယ်တွေကို ပြန်လည်မျှဝေ ဖြန့်ကျက်နိုင်အောင် ဆောင်ရွက်တာဟာဆိုရင် နောင်တချိန် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရေရှည်မျှော်တွေးပြီး ရင်းနှီးမှုတစ်ခုကို ပြုလုပ်ခြင်းပဲ ဖြစ်ပါကြောင်း၊ လူငယ်တွေအနေနဲ့လည်း ရရှိလာသည့် အတွေ့အကြုံကောင်းတွေ၊ ဗဟုသုတတွေကိုအခြေခံပြီး ဒီထက်ပိုမိုသိရှိလေ့လာနိုင်ရန် စာတွေအများကြီးဖတ်ဖို့ လိုအပ်ပါကြောင်းနှင့် ရှိပြီးသားအတွေ့အကြုံကောင်းတွေကိုအခြေခံပြီး မိမိဘဝကို တိုးတက်အောင် ကြိုးစားကြဖို့လိုသလို အိမ်နဲ့မိမိပတ်ဝန်းကျင်က လူငယ်တွေကို ဦးဆောင်လမ်းပြနိုင်ဖို့ လည်းလိုအပ်ပါကြောင်း၊ လူငယ်တွေ အနေဖြင့် မိမိတို့ရဲ့အတန်းပညာကို သင်ကြားနေရုံနဲ့မကပဲ တိုးတက်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးရဲ့ အခြေနေတွေ၊ ဗဟုသုတတွေ၊ IT ပညာတွေ၊ AI ကဲ့သို့သောနည်းပညာတွေကို မျက်ခြေမပြတ် လေ့လာနေကြဖို့အထူးမှာ ကြားလိုကြောင်း၊ လူငယ်များရဲ့ ကိုယ်ပိုင်အရည်အသွေး အရည်အချင်းတွေ တိုးတက်လာခြင်းက နိုင်ငံတော်အတွက် စွမ်းအားအသစ်ရရှိခြင်းဖြစ်တယ်လို့ မိမိကိုယ်ကိုခံယူပြီးဘဝကို တိုးတက်ကောင်းမွန်အောင် တည်ဆောက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌထံသို့ နေပြည်တော်လူငယ်ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက လူငယ်ဖိုရမ်အမှတ်တံဆိပ် အားပေးအပ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမှာစကားပြောကြားကာ Naypyitaw State Polytechnic University အတွက် အားကစားပစ္စည်းများပေးအပ်လှူဒါန်းရာ ပါမောက္ခချုပ် ဒေါက်တာစိုးလင်းအောင်က လက်ခံရယူခဲ့သည်။
ဆက်လက်၍ မြန်မာ့အနာဂတ်မျက်နှာစာလူငယ် မဟာဗျူဟာဖိုရမ်-၂၀၂၅ တက်ရောက်ခဲ့သည့် အတွေ့အကြုံအား အဖွဲ့ခေါင်းဆောင် နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် -၂၀၂၅ အမှတ်တရ Video Clipအား ပြသကာ အခမ်းအနားတက်ရောက် လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့၊ သီရိရတနာခန်းမတွင် ကျင်းပပြုလုပ်သော ပြည်ပပို့ကုန်သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် တောင်သူများအနေဖြင့် ရာသီပြည့်သီးနှံစိုက်ပျိုးထုတ်လုပ်ရေး အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ကြောင်းနှင့် မိမိဒေသအလိုက် မိုးစပါးများ လျာထားသတ်မှတ်ချက်အတိုင်း စိုက်ပျိုးကာ သတ်မှတ် ပန်းတိုင်အထွက်နှုန်းရရှိရေး အပင်ပြုစုခြင်းလုပ်ငန်းများနှင့် သွင်းအားစုများ သတ်မှတ်ထားသည့်အတိုင်း ထည့်သွင်းကြစေလိုကြောင်း၊ သီးနှံများစိုက်ပျိုး ထုတ်လုပ်ရာမှာ အထွက်နှုန်းတိုးရေး၊ သီးနှံများ အရည်အသွေးကောင်းမွန်ရေးတို့အတွက် သတ်မှတ် စိုက်ပျိုးရေးသုံးသွင်းအားစုပစ္စည်းများ သုံးစွဲရေး၊ သတ်မှတ်နှုန်းထားများအတိုင်း အသုံးပြုခြင်းတို့ဖြင့် ဓာတုဓာတ်ကြွင်းကင်းစင်သော လယ်ယာထုတ်ကုန်များ ရရှိနိုင်မှာဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှာ ဘက်စုံ၊ ကဏ္ဍစုံအားလုံးဖွံ့ဖြိုးရေးအတွက် အားသွန်ခွန်စိုက် ကျိုးစားဆောင်ရွက်ပေးနေကြသော တောင်သူလယ်သမားများအား နေပြည်တော်ကောင်စီမှ တာဝန်ရှိသူများမှလည်း အချိန်တိုင်း အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် နေပြည်တော်ကောင်စီနယ်မြေအား GreenCity, Clean City, Smart City ဖြစ်စေရေးကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပြည်ပပို့ကုန်သီးနှံ ထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးမှာကြားပြီး စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူးချုပ်က ပြည်ပပို့ကုန်သီးနှံ ထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေး ဆွေးနွေးပွဲဆောင်ရွက် ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လယ်ဝေးမြို့၊ ဖောင်တော်ချက်မစေတီတော်မြတ်ကြီးသို့ သွားရောက်ပြီး စေတီတော်ကြီးပြန်လည်ပြုပြင်နေမှု အခြေအနေများကို ကြည့်ရှုကာ တာဝန်ရှိသူများအား စေတီတော်ကြီးအတွင်းရှိ ရှေးဟောင်းအမွေအနှစ်ပစ္စည်းများကိုလည်း စနစ်တကျ ထိန်းသိမ်းထားရှိသွားရန်၊ စေတီတော်ကြီး ပြန်လည်ပြုပြင်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပြည့်မီရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေး၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ထိခိုက်ပျက်စီးမှု မရှိစေရေးနှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့သည်။
ထို့နောက် ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ နေပြည်တော် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးသို့သွားရောက်ပြီး လမ်းနယ်ပြင်ပတွင် ကြိုးဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောများနှင့် မြေကွက်လပ်၊ မြေလွတ်/ မြေရိုင်း နေရာများတွင် ၅ ဧက၊ ၁၀ ဧကခန့်ရှိ သစ်တောငယ်များ တည်ထောင်နိုင်ရေး အတွက် သစ်ပင်များစိုက်ပျိုးရန် လျာထားသတ်မှတ်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗ)