မူဆယ် စက်တင်ဘာ ၁၁
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း၊ စာအုပ်/စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲက ယနေ့နံနက် (၁၀) နာရီအချိန်က အ.ထ.က(၁) ကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူဆယ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က လူငယ်စကားဝိုင်းများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး၊ လူငယ်စကားဝိုင်းကိုစတင်ရာ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး အ.ထ.က(၁)၊ Grade-11 မှ မောင်ဝင်းမြင့်ဇော်က စာရေးဆရာမကြီး ခင်စောတင့်ရေးသားသည့် စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်မှ အမှတ်တရအချိန်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မထက်နဒီလှိုင်းက စွန့်စားမှဆီသို့ခြေတစ်လှမ်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မကြင်စင်ဇော်က အမေဆိုတာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မအိမ့်ကြယ်စင်သော်က လူတန်းစားအလွှာ မခြားနားစေရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မသဒ္ဒါဖြိုးက အချိန်အခါကိုသိပါ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပါဝင်ဆွေးနွေးကြရာ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက သိလိုသည်များကို မေးမြန်းကြရာ ဆွေးနွေးသူများက ဖြေကြားခဲ့ကြပါသည်။ ဆက်လက်၍ စာရေးဆရာမ ဒေါ်ခင်သန့်နွဲ့ (မမလားရှိုး)က ဆွေးနွေးသူနှင့် မေးမြန်းသူတို့၏ အနှစ်ချုပ်အား ပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။
စကားဝိုင်းအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများမှ ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
ချယ်ရီမြေ(မူဆယ်)