ဇမ္ဗူသီရိ စက်တင်ဘာ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော် သာသနာရေးမှူးရုံး၌ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်နေ ထုတ်ဝေသူ အမျိုးသားစာပေဆုရ စာရေးဆရာ အောင်စိုးက ဗုဒ္ဓဘာသာ သာသနာတော်ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ ဗုဒ္ဓဘာသာဆိုင်ရာ စာအုပ်များ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများက အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး အမျိုးသားစာပေဆုရ စာရေးဆရာ အောင်စိုးက ဗုဒ္ဓဘာသာ ဆိုင်ရာစာအုပ်များ လှူဒါန်းရသည့် ကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အလှူရှင်ဖြစ်သူ အမျိုးသားစာပေဆုရ စာရေးဆရာ အောင်စိုးက နေပြည်တော်သာသနာရေးမှူးရုံး၊ ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာစာကြည့်တိုက်နှင့် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့အား မင်္ဂလာတိုက်ကျောင်း၊ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တကေသရ၏ ဘဝဖြစ်တော်စဉ်စာအုပ်၊ မဲခေါင်စာပေဆုရ နေမင်းသန်းက မြန်မာဘာသာဖြင့် ရေးဖွဲ့ပူဇော်ပြီး ပါမောက္ခ ဒေါက်တာ ဇော်ထွန်းက အင်္ဂလိပ်ဘာသာပြန်ဆို ရေးဖွဲ့ပူဇော်သည့် သီကုံးပန်ဆင် ကဗျာ ဗုဒ္ဓဝင် စာအုပ်တို့အား ပေးအပ်လှူဒါန်းခဲ့ပြီး နေပြည်တော်သာသနာရေးမှူးရုံး ညွှန်ကြားရေးမှူးက ဗုဒ္ဓဝင်ဆိုင်ရာ စာအုပ်များ ပေးအပ်လှူဒါန်းခြင်းနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြောကြားပြီး အလှူရှင် အမျိုးသားစာပေဆုရ စာရေးဆရာ အောင်စိုးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သာသနာရေးဦးစီးဌာနက ထုတ်ဝေသည့် သာသနာရောင်ခြည် စာအုပ်များအား ပြန်လည်ပေးအပ်ကာ အခမ်းအနား တက်ရောက်လာကြသူများက ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
တင့်ဖူးခိုင်(ပြန်/ဆက်)