ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ တိရစ္ဆာန်အစာနေပီယာမြက်ကို ခြံစည်းရိုးများတွင် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ကာ နွားစာအတွက်ဖူလုံ

ညောင်ဦး စက်တင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးလက်တောင်သူများ တိရစ္ဆာန်အစာ နေပီယာမြက်စိုက်ပျိုးခြင်းများအား ယာခင်းခြံစည်းရိုးတလျှောက်၊ ငှက်ပျောခြံ ခြံစည်းရိုးနှင့် နေအိမ်ခြံစည်းရိုးများတွင်စိုက်ပျိုးထားကြပြီး နေပီယာမြက်များ အောင်မြင်ဖြစ်ထွန်းကာ နွားစာအတွက် ဖူလုံမှုရှိလာကြောင်း သစ်ထောင့်ကျွန်းကျေးရွာ ဦးအေးကိုထံက သိရသည်။

တိရစ္ဆာန်အစာ နေပီယာမြက်သည် ပူပြင်းခြောက်သွေ့ခြင်း၊ မိုးများခြင်း၊ အအေးဓာတ်လွန်ကဲခြင်းများကို ဒဏ်ခံနိုင်သည့် မြက်မျိုးဖြစ်ကာ စတင်စိုက်ပျိုးချိန် ရှင်သန်အောင် ရေအနည်းငယ်လောင်းစိုက်ပျိုးဖို့သာလိုကြောင်း၊ ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများအနေဖြင့် နေပီယာမြက်အား သီးခြားစိုက်ပျိုးမှုမလုပ်ပဲ ယာခင်း၊ လယ်တော၊ အိမ်ခြံခြံစည်းရိုးစပ်တလျှောက် စိုက်ပျိုးထားခြင်းဖြင့် နေပီယာမြက်အတွက် မြေနေရာသပ်သပ် မပေးရတော့ပဲ မူလသီးနှံများ စိုက်ပျိုးရခြင်းဖြင့် တောင်သူများအဆင် ပြေကြကြောင်း သစ်ထောင့်ကျွန်းကျေးရွာ တောင်သူများထံက သိရသည်။

နေပီယာမြက်သည် အပင်အဖြစ်မြန်အဖြစ်သန်ပြီး နေပီယာမြက်ပင် ပင်စည်ရိုးအား  မျက်ကွင်းအဆစ်များနှစ်နေရာ သို့မဟုတ် တစ်နေရာဖြတ်ပြီး မြေကြီးထဲထိုးစိုက်ထားရကြောင်း၊ နေပီယာမြက် တဆစ်စိုက်ထားလျှင် သားတက်အပွား ၅၀ မှ ၇၀အထိ သားတက်များဝေဝေဆာဆာ ထွက်လာကြောင်း၊ နေပီယာမြက်ပင်အမြင့် ၁၀ ပေမှ ၁၇ ပေအထိမြင့်ကြောင်း နေပီယာမြက် စိုက်ပျိုးထားသူများကရှင်းပြသည်။

နေပီယာမြက်ကို ဝက်၊ ဆိတ်၊ ဆင် ၊နွားနှင့်ကြိတ်၍လည်း ဘဲစာ၊ ကြက်စာအဖြစ် ကျွေးရပြီး ရေနေသတ္တဝါများလည်း နေပီယာမြက်ကို စားသုံးကြကြောင်း၊ နေပီယာမြက်စားသုံးသည့် တိရစ္ဆာန်များ အသားဓာတ် ကြွယ်ဝခြင်းနှင့် အာဟာရဓာတ်ကြွယ် ဝခြင်းများပြီး အပင်အဖြစ်မြန်၊ စိုက်ပျိုး၍ လွယ်ကူခြင်းများက ကျေးလက်တောင်သူများ အတွက် နေပီယာမြက်ပိုမို စိုက်ပျိုးလာကြကြောင်း၊ ယာမြေ၊ ကိုင်းမြေ၊ ခြံစည်းရိုးများတွင် နေပီယာမြက်စိုက်ပျိုးခြင်းများက ယာထဲ၊ ကိုင်းထဲစိုက်ပျိုးမည့် သီးနှံစိုက်ခင်းများကိုလည်း ရောဂါပိုးကျရောက်မှုကာကွယ်ပေးနိုင်ကြောင်း အတွေ့အကြုံရင့်ကျေးလက် တောင်သူများထံမှ သိရသည်။

ဒီပါလင်း