ကျောက်ပန်းတောင်းမြို့ MYTEL ရုံး၌ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာများ အသိပညာပေးခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်

ကျောက်ပန်းတောင်း စက်တင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများကို စက်တင်ဘာ ၁၁ ရက်နေ့ ညနေ ၃ နာရီက အောင်မင်္ဂလာရပ်ကွက်ရှိ MYTEL ဆက်သွယ်ရေးရုံးတွင် ဆောင်ရွက်ခဲ့သည်။

ရှေ့ဦးစွာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက မိတ်ဆက်စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းက ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားပြီး၊ Online လိမ်လည်မှု လုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်က စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်တွင် သုတ/ရသစာအုပ်များ အလွယ်တကူ လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း ဖိတ်ခေါ်ပြောကြားပြီး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူက ဆက်သွယ်ရေးကြိုးများသွယ်တန်းခြင်းနှင့် ဆက်သွယ်ရေးတိုင်များစိုက် ထူခြင်းများဆောင်ရွက်ရာတွင်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ ဆက်သွယ်ဆောင် ရွက်သွားရန်နှင့် လိုအပ်သည်များကို ပူးပေါင်းပံ့ပိုးကူညီဆောင်ရွက်ပေးသွာမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ MYTEL ဆက်သွယ်ရေး ရုံးတာဝန်ခံနှင့် ဝန်ထမ်းများ စုစုပေါင်း(၄၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)