မင်္ဂလာဒုံ စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းသို့ ရခိုင်ပြည်နယ်မှ ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ ပေးအပ်ခြင်းအခမ်းအနားကို အဖွဲ့(၂)ဖွဲ့ဖြင့် ယမန်နေ့မွန်းလွဲ ၁ နာရီတွင် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမနှင့် ပေါက်ကုန်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးတို့၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထူးကျော်က အဖွင့်အမှာစကားပြောကြားပြီး ဆန်၊ ဆီ၊ ဆား၊ ပဲ စားသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးရသည့်အကြောင်းရင်းကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ မင်္ဂလာဒုံမြို့နယ်အတွင်းသို့ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာလာသူ လူဦးရေ(၁၁၆၉)ဦးတို့အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ စားသုံးကုန်ပစ္စည်းများ(တစ်ပတ်စာ)ကို တာဝန်ရှိသူများက ကာယကံရှင်များထံသို့အရောက် ပေးအပ်ခဲ့ကြသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထူးကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ရခိုင်ပြည်နယ် မြို့နယ်(၁၇)မြို့နယ်မှ နေရပ်စွန့်ခွာပြည်သူများတစ်ဦးလျှင် တစ်ပတ်စာ ဆန် (၁ ပြည်၆ဘူး)၊ ဆီ(၁၅.၇၅)ကျပ်သား၊ ဆား(၇)ကျပ်သား၊ ပဲ(၃၅)ကျပ်သားတို့အား နေရပ်စွန့်ခွာပြည်သူများလက်ဝယ်သို့ အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းသိန်းထွန်း