ဒဂုံဆိပ်ကမ်း စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးကျော်မိုးကြည်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဆရာကြီးဦးငွေသူရက ဆုချီးမြှင့်ရခြင်း၏ရည်ရွယ်ချက်နှင့်ပက်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိဘ၊ ဆရာအကျိုးတော်ဆောင်များနှင့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများက ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော (၅) ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၈)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၁၀)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင်(၂၀)ဦး၊ စုစုပေါင်း(၄၂)ဦးတို့အား ဂုဏ်ပြုဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲတွင် အောင်ချက်အကောင်းဆုံးကျောင်း ပထမဆုရ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ချက်အကောင်းဆုံးကျောင်း ဒုတိယဆုရအမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အောင်ချက်အကောင်းဆုံးကျောင်း တတိယဆုရ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတို့အား ဆုများချီးမြှင့်ပေးခဲ့သည်။ ထို့နောက် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများကိုယ်စား (၅)ဘာသာဂုဏ်ထူးရှင် မောင်အောင်လင်းက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ခရိုင်ပညာရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုအသင်းမှ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးစန္ဒာ (ပြန်/ဆက်)