ပုဗ္ဗသီရိမြို့နယ်တွင် ငလျင်ဘေးသင့်ပြည်သူများအား နီပွန်ဖောင်ဒေးရှင်းမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ပုဗ္ဗသီရိ စက်တင်ဘာ ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က ပုဗ္ဗသီရိမြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဇေယျာသီရိခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောနိုင်၊ ပုဗ္ဗသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်တာဝန်ရှိသူများ နီပွန်ဖောင်ဒေးရှင်း ညှိနှိုင်းရေးတာဝန်ခံ ဒေါ်ခင်မြတ်ကျော်နှင့် တာဝန်ရှိသူများက ငလျင်ဘေးဒဏ်သင့်  အိမ်ထောင်စု(၉၄)စုအတွက် တစ်အိမ်ထောင်လျှင် ပစ္စည်း(၁၄)မျိုးပါ အိတ်(၁)အိတ်၊ ဆန်(၆)ပြည်အိတ်(၁)အိတ်၊ ဆီ(၁)လီတာဘူး(၁)ဘူး၊ ကုလားပဲ (၁)ပိဿာတို့ကို ထောက်ပံ့ပေးအပ်ရာ ငလျင်ဘေးဒဏ်သင့်ပြည်သူများက အသီးသီးလက်ခံရယူခဲ့ကြသည်။

ထို့နောက် ဇေယျာသီရိခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောနိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းနှင့် အဆိုပါအခမ်းအနားသို့ ဇေယျာသီရိခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောနိုင်နှင့် တာဝန်ရှိသူများ၊ ပုဗ္ဗသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်၊ နီပွန်ဖောင်ဒေးရှင်း ညှိနှိုင်းရေးတာဝန်ခံ ဒေါ်ခင်မြတ်ကျော်နှင့် တာဝန်ရှိသူများ၊ ငလျင်ဘေးဒဏ်သင့်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နန်းရွှေရတီ(ပြန်/ဆက်)