မိုင်းဆတ် စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား (MCCT)အာဟာရ အသိပညာပေးဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ပါဌေးက ကျန်းမာရေးဆိုင်ရာ အာဟာရအသိပညာပေးအကြောင်းအရာများအားလည်းကောင်း၊ ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က MCCT အာဟာရအသိပညာပေးအကြောင်းအရာများအားလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများမှ ကျောင်းအုပ်ဆရာမများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများတက်ရောက်ခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)