စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့များတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြမဲပေးခြင်း ဆောင်ရွက်

စစ်တွေ စက်တင်ဘာ   ၁၁

ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကျင်းပသည့် ဌာနဆိုင်ရာများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြမဲပေးခြင်းအခမ်းအနားကို စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဒေါက်တာကျော်ကိုလတ်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကျင်းပသည့် ဌာနဆိုင်ရာများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြမဲပေးခြင်းကို စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းခွဲ၍ တစ်ရက်လျှင် လူဦးရေ (၈၀၀) ဦးတို့အား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်း ရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အလားတူ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နှင့် မာန်အောင်မြို့နယ်တို့တွင်လည်း ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းတို့ကို စက်တင်ဘာလ ၁၀ ရက် နံနက်ပိုင်းက သက်ဆိုင်ရာမြို့နယ်ခန်းမများ၌ ဆောင်ရွက်ကြသည်။ ကျောက်ဖြူမြို့၌ ဌာနဆိုင်ရာ ဝန်ထမ်းများအား မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဆိုင်ရာ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု သရုပ်ပြခြင်းကို ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမတွင် ပြုလုပ်ရာ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးဌေးအောင်နိုင်က မဲပေးစက်နှင့် စပ်လျဉ်းသည့် အကြောင်းအရာများနှင့် (MEVM) မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာ ဝန်ထမ်းများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးခြင်းကို လက်တွေ့စမ်းသပ်ဆောင်ရွက်ကြပြီး  ထွက်ရှိလာသည့်စာရင်းဖြင့် ဆန္ဒပြုသူအရေအတွက် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် မဲရလဒ်ထုတ်ပြန်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ကျောက်ဖြူမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဆိုင်ရာရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု သရုပ်ပြပွဲသို့ ဌာနဆိုင်ရာဝန်ထမ်း (၄၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အလားတူ မာန်အောင်မြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု သရုပ်ပြခြင်းကို မာန်အောင်မြို့နယ်ခန်းမ၌ ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာ ဝန်ထမ်းများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စက်ဖြင့် ဆန္ဒမဲပေးခြင်းကို လက်တွေ့စမ်းသပ်ဆောင်ရွက်ကြပြီး ထွက်ရှိလာသည့်စာရင်းဖြင့် ဆန္ဒပြုသူ အရေအတွက် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် မဲရလဒ်ထုတ်ပြန်ခြင်းများဆောင်ရွက်ခဲ့သည်။

မာန်အောင်မြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုသရုပ်ပြပွဲသို့ ဌာနဆိုင်ရာဝန်ထမ်း (၃၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)