ကလော စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် ကလောခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကလောချောင်းအား ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် နုန်းမြေများ ဆယ်ယူခြင်း၊ ချောင်းအတွင်း အမှိုက်များ ပိတ်ဆို့မှုမဖြစ်စေရေးအတွက် မလိုအပ်သည့် လူကူးတံတားများပယ်ဖျက်ခြင်းတို့ကို ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရှိသည်။
ကလောမြို့တွင် ၂၀၂၄ ခုနှစ်စက်တင်ဘာလ ၁၁ ရက်နေ့တွင် ရာဂီမုန်းတိုင်းအရှိန်ကြောင့် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများစီးဝင်ခဲ့၍ တောင်ကုန်းများမှ မြေပြိုခြင်းတို့ကြောင့် ကလောချောင်းရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ချောင်းဘေးရပ်ကွက်ရှိ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ ပြည်သူလူထုနေအိမ်များတို့တွင် ရေများဝင်ရောက်၍ ရေကြီး၊ ရေလျှံမှုဖြစ်ပွားခဲ့သည်။
ရေကြီးရေလျှံမှုကြောင့် ပြည်သူတို့၏ အသက်အိုးအိမ်များပျက်စီးဆုံးရှုံးခဲ့ရပြီး အလားတူ ယခင်နှစ်ကဲ့သို့ ရေကြီး၊ ရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ကလောခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် တာဝန်ရှိသူများက ကလောချောင်း ရေစီး၊ ရေလာကောင်းမွန်စေရေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူထံမှ သိရှိရသည်။
ကျော်ဝင်း(ကလော)