ပင်လုံမြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ပင်လုံ စက်တင်ဘာ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းနှင့် ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ပင်လုံမြို့စီမံခန့်ခွဲ​ရေးနှင့်အုပ်ချုပ်​ရေး​ကော်မတီဥက္ကဋ္ဌ ဦးရန်ပိုင်​ဖြိုးက ယနေ့ခေတ်ကာလတွင် ဆက်သွယ်ရေးနည်းပညာတိုးတက်လာမှုကို အခွင့်ကောင်းယူပြီး လိမ်လည်မှုဖြစ်စဥ်များ ကျူးလွန်လာနိုင်သည့်အတွက် ကျောင်းသား/ကျောင်းသူများ သတိပြုရှောင်ရှားနိုင်ရန်၊ လူမှုကွန်ရက်၌ လိမ်လည်မှုနည်းလမ်းများ၊ ကာကွယ်ရန်နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ပြီး အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်နန်းထွေးခမ်းက စာသင်ကျောင်းများတွင် အသိပညာပေးရခြင်းအကြောင်းရင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ်အမျိုသမီးရေးရာအဖွဲ့မှ ပေးပို့လာသော လန်ချန်-မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန(LMECC)မှ ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဗွီဒီယို (၂)ဖိုင်အား ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးနှင့် ဟောပြောပွဲသို့  ပင်လုံမြို့စီမံခန့်ခွဲ​ရေးနှင့်အုပ်ချုပ်​ရေး​ကော်မတီဥက္ကဋ္ဌ ဦးရန်ပိုင်​ဖြိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အဆိုပါကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၀၀)ဦးခန့် တက်ရောက်ကာ အသိပညာပေးလုပ်ငန်းများတွင် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)