ပျော်ဘွယ်မြို့နယ် အ.လ.က(လက်ပံတော)တွင် အသိပညာပေးဟောပြောပွဲကျင်းပ

ပျော်ဘွယ် စက်တင်ဘာ ၁၁

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ် ပညာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ (၁၁) ရက်၊ မွန်းလွဲ (၁) နာရီက အခြေခံပညာအလယ်တန်းကျောင်း(လက်ပံတော)တွင် ကျင်းပသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျောင်းစာတွင်သာမက ဗဟုသုတရရှိစေမည့် စာပေများကိုလေ့လာ ဖတ်ရှုရန် လိုအပ်ပါကြောင်းနှင့် ရွေးချယ်ဖတ်ရှုသင့်သည့် စာပေများအကြောင်းကို ကျောင်းသား၊ ကျောင်းသူများနှင့်အတူ အပြန်အလှန် ရှင်းလင်းဟောပြောသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)