ကလော စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက ကလောမြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံနှင့် အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်တို့သည် ကလောမြို့ ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကုသရေးလုပ်ငန်းများအပြင် ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ ရောဂါနှိမ်နင်းရေးလုပ်ငန်းများ စသည့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနလုပ်ငန်းများကိုလည်း သွက်လက်လျင်မြန်စွာဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရကဘဏ္ဍာငွေများ အလုံအလောက်ချထားပေးပြီး ဝန်ကြီးဌာနက လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းများကို ထောက်ပံ့ပေးထားပြီးဖြစ်၍ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အကျိုးရှိရှိ စနစ်တကျသုံးစွဲရန် မှာကြားခဲ့သည်။
ထို့နောက် ကလောမြို့ပြည်သူ့ဆေးရုံ ယာယီဆေးရုံအုပ် ဒေါက်တာ အောင်မျိုးထွန်းက ကုသရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ပါဝါပွိုင့်ဖြင့်တင်ပြပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ခိုင်စုစုညိမ်းက လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုမှတဆင့် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအားကစားကွင်း ပွဲကြည့်စင်တည်ဆောက်ရေး ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အေးချမ်းပျော်ရွှင်စွာပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား လှည့်လည်ကြည့်ရှုခဲ့ပြီး ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် တည်ဆောက်ထားသည့် ကလောခရိုင်ပညာရေးမှူးရုံး၊ အလျား ၁၀၀ ပေ၊ အနံ ၃၀ ပေ၊ RC ၂ ထပ် တည်ဆောက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ အဆောက်အဦကို သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီအောင်ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် အောင်ပန်းမြို့၊ တိုက်နယ်ဆေးရုံသို့ရောက်ရှိပြီး ဆေးကုသမှုခံယူနေသည့် ပြည်သူများကို တွေ့ဆုံအားပေးစကားပြောကြား၍ တိုက်နယ်ဆေးရုံးအတွင်း လှည့်လည်ကြည့်ရှုပြီး ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံရာ တိုက်နယ်ဆရာဝန် ဒေါက်တာ စိန်လွင်ထွန်းက ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် ပြည်နယ်လူမှုရေးရာဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတဆင့် အောင်ပန်းမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းနှင့် ဟဲဟိုးမြို့၊ အင်းခေါင်းကျေးရွာ၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းဝန်းအတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများ လှည့်လည်ကြည့်ရှုပြီး ကျောင်းအုပ်ကြီးများ၊ သင်ကြားရေးဆရာမများနှင့်တွေ့ဆုံ၍ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကောင်းမွန်ပြီး နိုင်ငံအတွက် အားကိုးအားထားရမည့် မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရေးအတွက် KG တန်းမှ Grade 12 အထိ စနစ်တကျသင်ကြားပေးစေလိုကြောင်း မှာကြားခဲ့သည်။
ထို့နောက်ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ်၊ ဟဲဟိုးတိုက်နယ်ပြည်သူ့ဆေးရုံသို့ရောက်ရှိခဲ့ပြီး တိုက်နယ်ဆေးရုံအတွင်း ဆေးကုသမှုခံယူနေသည့် လူနာများအား လှည့်လည်ကြည့်ရှု၍ အားပေးစကားပြောကြားခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများအားကိုး၊ အားထားရသည့် တိုက်နယ်ဆေးရုံဖြစ်စေရေးအတွက် ကုသရေးလုပ်ငန်းများတွင် ဝန်ထမ်းများ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
ကျော်ဝင်း(ကလော)