သာစည်မြို့ အ.ထ.က (၂) ၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲနှင့် ပြပွဲများပြုလုပ်

သာစည် စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ကျောင်းသား/ကျောင်းသူများ လူကုန်ကူးမှုဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲနှင့်ပြပွဲများကို စက်တင်ဘာ ၁၁ ရက်နံနက် ၉ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း သူရိယခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကား ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ပြုလုပ်သော ထက်လယ်အဆင့် စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိသောကျောင်းသား/ကျောင်းသူများအား ဆုများချီးမြှင့်သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းက အသိပညာပေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့စိမ်းက ကျေးဇူးတင်စကားပြောကြားသည်။

၎င်းနောက် မြို့နယ်ဥပဒေအရာရှိ ဦးအောင်ဖြိုးလွင်က လူကုန်းကူးမှုဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဟောပြောသည်။ ဆက်လက်ပြီး ကျောင်းသား/ကျောင်းသူများက အသိပညာပေးပြသထားသော နံရံကပ်စာစောင်များ၊ ဓာတ်ပုံများနှင့်သုတရသစာအုပ်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အဆိုပါအသိပညာပေးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးလှထွန်းနှင့် ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ဆုရကျောင်းသား/ကျောင်းသူများ၏မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)